(၄)

4.2K 316 18
                                    

၄။

ဈာန်ဘုန်းနိုင်၏ အဖြစ်သည် ကြက်ကလေး တစ်ကောင်နှယ် သူ၏လက်ထဲမှ လေပေါ်သို့ တရစ်ရစ် မြှင့်တက်သွားရသည်။

ပို၍ ပို၍ ဆို့နင့်လာသော လည်ပင်းနှင့် ကြပ်တည်းလာသော အသက်ရှူ လမ်းကြောင်းတို့ကြောင့် ဈာဘုန်းနိုင်၏ မျက်နှာတစ်ခုလုံး မီးခဲလို နီရဲသထက် နီရဲလာကာ မျက်နှာရှိ သွေးကြောများလည်း အကုန်းရုန်းကြွ တင်းကြပ်လာသည်။ မေးရိုးကြီးတစ်ခုလုံး ပြုတ်ထွက်မတတ်လည်း အံကိုတင်းတင်း ကြိတ်ထားသေးသည်။

သို့သော် မျက်လုံးတစ်ခုလုံး နီရဲပေါက်ထွက်အောင် သူ့အား ပြန်လည် စိုက်ကြည့်နေဆဲ။

အမလေး၊ အခုကိုယ့်ရဲ့ လှပတဲ့ပုံရိပ်တော့ ရုပ်ဆိုးနေလောက်ပြီ။ ဒါပေမဲ့ နွားခေါင်းတုံး...၊ ကိုယ်က အသက်ချမ်းသာပေးပါ။ လွှတ်ပေးပါလို့ ဘယ်တော့မှ တောင်းပန်းမဲ့သူ မဟုတ်ဘူး။ ခင်ဗျားကြီးကိုလည်း မကြောက်ဘူး။ ကိုယ်လည်း ယောက်ျား တစ်ယောက်ပါ။ ခင်ဗျားကြီးကို ကြောက်စရာအကြောင်း လုံးဝ..လုံးဝမရှိ...။

မသိလိုက်ပါဘဲ ပူနွေးသော မျက်ရည်စီးကြောင်းသည် လိမ့်ကျလာကာ အကြောများ ဖြာထွက်နေသော သူ့လက်ခုံပေါ်သို့ လာခိုနားလေသည်။

ဈာန်ဘုန်းနိုင်၏ မျက်ရည်ဥသည် သစ်ရွက်ပေါ် ခိုတွဲနေသည့် နှင်းစက်အလား ကြည်လဲ့နေ၏။ ထိုနှင်းစက်သည် အရွက်ပေါ်မှ လိမ့်ကျကာ မြေကြီးထဲသို့ အရည်ပျော် ဝင်သွားသည်။

ထိုအခါမှ သူသည် ဈာန်ဘုန်းနိုင်အား ဘောလုံးသမားက ဘောလုံးကိုလက်မှ လွတ်လပ်ပေါ့ပါးစွာ လွှတ်ချသလို မြေပေါ်သို့ ရုတ်တရက် လွှတ်ချလာသည်။

ဈာန်ဘုန်းနိုင်လည်း ရုတ်တရက် ဖြစ်သောကြောင့်ရော မူးနောက်နောက် ဖြစ်ချင်သည့် ခေါင်းကြောင့်ပါ နောက်သို့ ယိုင်မလို ဖြစ်သွားသေး၏။ သို့သော် ခန္ဓာကို အမြန်ထိန်း၊ ချောင်းတဟွတ်ဟွတ်ဖြင့် မတ်မတ်ပြန်ရပ်ကာ ပါးပြင်ပေါ်မှ မျက်ရည်စီးကြောင်းကို လက်ခုံဖြင့် တစ်ချက်ပွတ်သည်။

ရှေ့မှ နွားခေါင်းတုံးသည် ဈာန်ဘုန်းနိုင်၏ မျက်နှာအနီးသို့ ထပ်ကပ်လာသည်။ သူ့ဆီတွင် ယောက်ျားဆန်သော ချွေးနံ့နှင့် သင်းပျံ့ပျံ့ ရနံ့တစ်မျိုး ကပ်ပါလာသည်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now