(၇)

3.4K 299 7
                                    

၇။

သူရိန်ငြိမ်းတို့ အားလုံးသည် ခြေဗလာဖြင့် အိမ်ပေါ်သို့ တက်ကြလေသည်။

မိသားစုထဲတွင် သမီးမိန်းကလေး ရှိသည်ကြောင့် ဖြစ်မည်။ အိမ်ကြီးသည် ပင့်ကူမျှင်တို့ပင်မရှိ။ သန့်ရှင်းသပ်ရပ်ပြီး ကြမ်းခင်းသည်လည်း ဖယောင်းနှင့် အမြဲတိုက်ထားပုံ ရသည်။ မှန်သားလို မချောမွတ်သော်ငြား နင်းလျှောက်ရသည်မှာ သက်သောင့်သက်သာ ရှိလှ၏။

"အမောပြေအောင် ရေကျက်အေးလေး သောက်ကြပါရှင်"

လှေကားထစ်ရင်း၌ ခြေသုံးချောင်းထောက် စင်ပေါ်တွင် ရှိသည့် မြေအိုးထဲမှရေကို စတီးခွက်ကြီးဖြင့် ခပ်ပေးပြီး မူ့ရာသည် အပြုံးဖြင့် ကမ်းပေးသည်။

"ကျေးဇူးပါဗျ၊ ကျွန်တော်တို့ ကိုယ့်ဘာသာ ခပ်သောက်ပါ့မယ်"

မေတ္တာရေအေးသည် နေ့ခင်းက ကြောက်လန့်စိတ်၊ ခရီးပန်းသည့် အပူလုံးတို့ကို ချေဖျက် ပေးလေသည်။

"ရာသီဥတုက အေးတယ်ဆိုတော့၊ နွေးနွေးထွေးထွေးလေး ဖြစ်သွားအောင် မီးဖိုမှာ မီးလှုံကြတာပေါ့"

ခွက်ကို မြေအိုးအဖုံးပေါ် ပြန်တင်ထားရင်း ထိုအမျိုးသမီး ညွှန်ပြရာအခန်းထဲကို အားလုံး လိုက်ဝင်သွားကြသည်။

ဦးစွာတွေ့ရသည်က ရေနွေးဓာတ်ဗူးအိုး၊ ဝါးပိုက်တံ ထည့်ထားသည့် ​ခေါင်အိုးနှင့် ရေနံဆီ သုတ်ထားသည့် ရှေးဟောင်း ကွမ်းအစ်တစ်လုံးတို့ကို ရှေ့ထားပြီး ခြေနှစ်ဖက်ကိုစုထိုင်၊ ဒူးပေါ်လက်နှစ်ဖက် ချိတ်တွယ်နေသည့် အဘွားကြီး။

ဘေးတွင် ခြေနှစ်ဖက်ကို ချိတ်ဆက်ကာ ခြေဆင်းထိုင်လျက် ပြောင်လက်နေသော အနက်ရောင် ဆေးတံ တစ်ချောင်းကို အငွေ့တထောင်းထောင်း ထနေအောင် ဖွာရှိုက်နေသော အဘိုးကြီးတစ်ဦးရယ်ပါ။ သူတို့လည်း ရိုးရာဝတ်စုံနှင့်ပါပေ။

သေချာကြည့်မှ ထိုအဘွားအိုသည် ကြေးပတ်ထားသော လည်ပင်းထက်မှ အောက်မေးရိုး တလှုပ်လှုပ်နှင့် ကွမ်းကိုတမြှံ့မြှံ့ ဝါးနေသည်။ အဘွားအိုသည် ဇရာကြောင့် ပါးစပ်ဘေးတွင် စီးကျနေသော ကွမ်းရည်စီးကြောင်း နှစ်ကြောင်းကို လက်ကောက်ဝတ်မှ ငွေရောင်ကြေးပတ်များ ချွင်ခနဲ မြည်သွားအောင် လက်မနှင့် လက်ညှိုးသုံးကာ တစ်ချက် သုတ်သည်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now