(၂၅)

2.5K 230 18
                                    

၂၅။

မူ့ရာတို့ တိုင်းရင်းသားသည် အရမ်းရှေးရိုးစွဲပြီး ဓလေ့ထုံးတမ်းတွေသည် ခရစ်ယာန်ကျမ်းစာထက်ပင် များပြားထူပြောလှသည်။

ခွန်းဒါရီကိုမွေးပြီး တစ်ပတ်၊ နှစ်ပတ်ကြာသော် အဖသည် ကင်းနုရွက်ကို နုတ်နုတ်ကြေအောင်ထောင်းကာ ငယ်ထိပ်တွင်ပွတ်လိမ်းခဲ့သည်။ အကြောင်းမှာ ဉဏ်ရည်မြင့်မားစေရန်၊ လုပ်သမျှအောင်မြင်စေရန်။ ဘွားဒတ်ကမူ ခွန်းဒါရီကို ခေါင်းကိုင်မန်းမှုတ်ပြီး မကောင်းဆိုးဝါးများ ဝေါင်ဝေါင်ရှေး၊ ဝေးဝေးရှောင်ဟု နှင်လွှတ်ခဲ့ရသည်။ ဤသည်မှာ ဘေးဆိုး၊ ရန်ဆိုး အန္တရာယ်ဆိုးများ ကင်းဝေးစေရန်ပင်။ ထို့ပြင် ဆွေမျိုးများကလည်း လက်ကောက်ဝတ်တွင် ချည်မန်း၊ စောင်များ ချည်ပေးခဲ့ကြ၏။ ဘွားဒတ်မှလည်း အနားသတ်ရွှေကွပ်လက်စွပ်ကို လည်ပင်းတွင်စွပ်ပေး၊ ခြေထောက်တွင် သတ္တုကွင်း၊ ခြူလုံးလေးများဆက်ထားသည့် ခြေချင်းကြိုးကိုလည်း ချိတ်ဆွဲပေးခဲ့သည်။ ဤအတွက်မူကား ကျန်းမာသန်စွမ်းရန်၊ ကံကောင်းစေရန်၊ အရွယ်ရောက်စဥ် လမ်းမြန်မြန်လျှောက်နိုင်ရန်တို့ပင်။ သန်စွမ်းသည့် ခြေထောက်ပိုင်ရှင်ဖြစ်ရန်လည်း မှိုပွင့်ခြောက်ကို ခြေထောက်တွင် သုတ်လိမ်းပေးခဲ့သည်။

ဤအကြောင်းကိုကြားသော် ဈာန်ဘုန်းနိုင်ပင် အမောဆို့လာလေပြီ။ တယ်...အရစ်ရှည်လိုက်သည့်ဖြစ်ခြင်း။

အများအတွက် လက်ဦးဆရာမိနှင့်ဖဟု ဆိုကြသော်ငြား ခွန်းရီအတွက်မူ လက်ဦးဆရာသည် ဘိုးနှင့်ဘွားသာဖြစ်ပေမည်။ ခွန်းရီသည် အမိအဖတို့၏သင်ကြားမှုထက် ဘိုးပီတာနှင့်ဘွားဒတ်တို့၏ သင်ကြားမှုအရိပ်အောက်တွင် ပိုနေခဲ့ရသည်။

ငယ်စဥ်ကတည်းက ခွန်းရီသည် မျက်နှာထားတည်ကာ ဟိတ်ဟန်ကြီးခဲ့သည်။ မူလတန်းကျောင်းတက်ချိန်တွင် မူ့ရာ မှတ်မိပါသေးသည်။ ကျောင်းဆရာမကြီးက အပြုံးနှင့် ခွန်းရီ၏ခေါင်းကို ဖွဖွလေးပုတ်ကာ-

"သား ခွန်းရီ ထမင်းစားပြီးပြီလား" ဟုမေးခဲ့သည်။

အသက်ခြောက်နှစ်အရွယ် ခွန်းရီလေးသည် ဆရာမ၏မျက်နှာကို ပြန်မော့ကြည့်ပြီး ဤသို့ဖြေခဲ့၏။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now