အချပ်ပို (၁၈)

668 68 32
                                    

နေသာသော နေ့တစ်နေ့မှ တောတွင်း တစ်နေရာတွင် ဖြစ်သည်။

တောင်ပတ်ပတ်လည် ဝန်းရံထားသော တောတွင်းရှိ ကွင်းပြင်ကျယ်ကြီးထဲတွင် ကြယ်တစ်လုံးပါ အနီရောင်အလံ နှစ်ခုကို တလူလူ လွင့်အောင် သယ်ဆောင်ကာ စစ်ရေးပြနေကြသည့် အစိမ်းပုပ်ရောင် ပြောက်ကျားနှင့် ရဲဘော်တပ်သားများ။

ခွန်းဒါရီတို့နှင့်အတူ ဈာန်ဘုန်းနိုင် ရပ်ကြည့်နေ၏။

ထိုတပ်သားများသည် ဤသို့သော သစ္စာဓိဌာန်ကိုလည်း တဝုန်းဝုန်း ဟိန်းသွားအောင် ကြွေးကြော်ကြပါသေးသည်။

"ငါတို့သည် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို ကာကွယ်သွားပါမည်။ ငါတို့သည် ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ငါတို့၏ အသက်ကို စွန့်လွှတ်၍ ကြိုးပမ်းပါမည်ဟု သစ္စာဓိဌာန် ပြုပါသည်"

ပြောက်ကျား ဝတ်စုံထက်ရှိ တံဆိပ်များသည် ခွန်းဒါရီတို့၏ တံဆိပ်များနှင့် မတူပါချေ။ အကြောင်းမှာ မကြာသေးခင်က အဖွဲ့အချို့ကို ပေါင်းပြီး ထပ်မံဖွဲ့စည်းလိုက်သော လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ဖြစ်‌သောကြောင့်ပါပင်။

"တန်းဖြုတ်"

အချိန်ကျ၍ ခေါင်းဆောင်၏ အမိန့်‌ပေးသံ ဆုံးသည်နှင့် တပ်သားများလည်း တန်းဖြုတ်ကြကာ တစ်ဦးချင်း သော်လည်းကောင်း၊ အဖွဲ့လိုက် သော်လည်းကောင်း ကင်မရာတွေနှင့် မှတ်တမ်းကို တဖျတ်ဖျတ် ယူကြသည်။ အင်တာဗျူးနေကြသည့် မီဒီယာသမားတွေလည်း တသဲသဲနှင့်။

"မင်္ဂလာပါ ဗိုလ်ကြီး"

ထိုအဖွဲ့၏ ဦးဆောင်သူ အကြီးပိုင်း တစ်ဦးက ဦးထုပ်အနီကို ဝဲရင်အုပ်နား ကပ်ထားပြီး ကျန်လက် တစ်ဖက်ဖြင့် လက်ကမ်း နှုတ်ဆက်နေသည်။ ထိုလူကြီးသည် နီကြန်သော အသားအရည်၊ မျက်နှာ ချွန်ချွန်၊ နှုတ်ခမ်းမွေးနှင့် ခွန်းဒါရီလို အသက် သုံးဆယ်ကျော်ဟု ထင်ရသည်။

ဆက်လက်ပြီး ထိုလူကြီးက မိမိ၏ အမည်အား မိတ်ဆက် လာပါသည်။ ခွန်းဒါရီလည်း သူ၏ ဦးထုပ်ကို ချွတ်ကာ ထိုလူကြီး ပြုသည့်အတိုင်း ဝဲရင်အုပ်နား ကပ်၍ ခွန်းဒါရီ ဟု ဆိုကာ ခေါင်းတစ်ချက် ဆတ်လျက်သား ပြန်လည် လက်ဆွဲ နှုတ်ဆက်ပါ၏။ မျက်နှာထားက တည်တံ့သော်လည်း ခက်ထန်ခြင်းမျိုး မဟုတ်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now