(၂၆)

2.5K 235 22
                                    

၂၆။

နေ့လယ်စာကို တစ်နာရီလောက်မီးနှင့်ချက်ခဲ့ရသည့် ဝါးကျည်တောက်ထမင်းကို ဖရုံသီး၊ ဖရုံရွက်ဟင်းရည်၊ ဝက်နံရိုးစွပ်ပြုတ်၊ ဝက်ကလီစာကြော်နှင့်အားပါးတရ သုံးဆောင်ခဲ့ကြရသည်။ ညနေပိုင်းတွင်တော့ အဘွားလည်း ယာခင်းမှပြန်လာ၊ ဘိုးလည်း အမဲလိုက်ရာမှပြန်လာပြီး ရွာသားအချို့လည်း လာကြသည်။ အကြောင်းမှာ မနက်ဖြန် တံခွန်တိုင်ပွဲအတွက် ဝက်သတ်ကာ ဝက်သားတစ်ဝက်ကျော်ခန့်ကို ရွာသူကြီးအိမ် သွားစုပေးကြရန်ပင်။ ခြံနောက်ရှိဝါးရုံအောက်တွင် ဝက်ကိုသတ်ရန်ပြင်ဆင်ကြသည့်အတွက် ညနေခင်းလေနှင့်အတူ မီးခိုတလူလူနှင့် ညှော်နံ့မှာလည်း တထောင်းထောင်း။

ဝက်၏ မချိတင်ကဲတကိန်ကိန်အော်ငိုသံ၊ သားခုတ်သည့် ဓါးချက်သံ၊ ရွာသားများ၏ ဝိုင်းဖွဲ့စကားပြောသံများကို ခြံနောက်တွင်ချန်ထားပြီး ဈာန်ဘုန်းနိုင်၊ ဟိဏ်းစစ်မင်း၊ သူရိန်ငြိမ်း၊ ဧကလျာနှင့်မူ့ရာတို့သည် ကြိမ်စေ့လှော်ကို တကျွတ်ကျွတ်ခွာစား၊ ကော်ဖီခြောက်ရေနွေးကြမ်းနှင့် ဧည့်ခန်းတွင် အခန့်သားဇိမ်ခံနေကြသည်။

ကော်ဖီစေ့လောက်ရှိသည့် ကြိမ်စေ့သည် နေကြာစေ့လို အခွံခွာပြီးသောအခါ မြေပဲဆံလောက်ရှိသည့် အဆံကိုရသည်။ ထိုအဆံကို ဝါးစားလျှင် ကျွတ်ဆတ်ကာ ဆိမ့်ဆိမ့်လေး ဖြစ်နေသည်။ မြေပဲလိုမအီဘဲ စားရသည်မှာ အတော်လေးကောင်း၏။ ကော်ဖီခြောက်ရေနွေးကြမ်းနှင့် ပနံသင့်သည်မှာ ဆိုဖွယ်ရာမရှိတော့။

စိတ်ထဲတွင်လည်း မနက်က မူ့ရာပြောပြခဲ့သည့် အကြောင်းအရာများကို ကျောင်းသားတစ်ယောက် ကျက်ထားသောစာကို စာပြန်နွေးနေသလို ဦးနှောက်ထဲ ပြန်ဆွေးနွေးနေလေ၏။

နောက်ဆုံး ရင်ထဲတွင် ခိုးလိုးခုလုကျန်ခဲ့သော မေးခွန်းတစ်ခုကို ဈာန်ဘုန်းနိုင်ထပ်မေးရန် မူ့ရာကိုကြည့်လာသည်။

"ကိုယ်စဥ်းစားနေတာ၊ မောင်ကြီးက ကိုယ့်ပရိတ်သတ်ဆို စတွေ့ကတည်းက ဘာလို့ကိုယ့်လည်ပင်းကို အားနဲ့ညှစ်ခဲ့ပါလိမ့်"

ကြိမ်စေ့ကိုအခွံခွာနေသည့် မူ့ရာ၏လက် ခေတ္တရပ်သွား၏။ မူ့ရာသည် ဈာန်ဘုန်းနိုင်ကို မှေးစင်းကြည့်ကာ စဥ်းစားဟန် မျက်ခုံးအနည်းငယ်စုကျုံ့နေသည်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now