(၉)

3.3K 293 23
                                    

၉။

ညနေစာစာပြီးသည်နှင့် အားလုံးသည် ရေနွေးကြမ်းဖြင့် ဧည့်ခန်းထဲ ထိုင်အနားယူ နေကြသည်။

အမျိုးသားများသည် အဖြူလက်ရှည်အောက်ခံ၊ အဖြူရောင်အပြင်ခံ လက်ပြတ်အင်္ကျီနှင့် အနက်ရောင် ဘောင်းဘီရှည်အပွ ရိုးရာဝတ်စုံနှင့် ဖြစ်သည်။ ဧကလျာသည် မူ့ရာလို ကြေးကွင်းမပတ် ထားသော်လည်း အနီ၊ အနက်စပ် ထဘီတို့ကို အနက်ရောင် အပြင်ခံအင်္ကျီနှင့် တွဲဝတ်ထားသည်။

မူ့ရာ၏ ပြောပြချက်အရ ဤနေရာသည် မည်သည့် ပြည်နယ်ဖြစ်ကြောင်း သိခဲ့ရလေပြီ။ သူတို့ရွာသည် ခူးပရာတောင်ကို အစွဲပြု၍ ခူးပရာရွာဟု ခေါ်ကြောင်း၊ လှည်းနှင့် မြို့ကိုသွားရန် ရှစ်နာရီတောင် ကြာသည့် အကြောင်းတို့လည်း သိရသည်။

"နောင်ကြီး၊ ကျုပ်နဲ့စခန်းလိုက်သွားရမယ်"

အိမ်ထဲဝင်လာချင်း အလောတကြီး ပြောလိုက်သည့် နွားခေါင်းတုံး၏ အသံ။

ဧကလျာတို့သည် ရေနွေးကြမ်းကို တဖူးဖူး မှုတ်သောက်ရင်း ထိုလူကြီးကို ပြိုင်တူ မော့ကြည့် ကြလေသည်။ ဈာန်ဘုန်းနိုင်ကမူ ထိုလူကြီးကို မျက်စောင်းဖြင့် ဒိုင်းခနဲ စောင်းကြည့်မိသည်။

တစ်နေကုန် ဘယ်သွားနေလို့ ခုမှလာသနည်း။

ချွေးတပြိုင်းပြိုင်းနှင့် မျက်နှာကြီး တစ်ခုလုံးလည်း နီရဲနေသည်မှာ ပေါက်ထွက် သွားတော့မည့်အတိုင်း။ ပြောက်ကျားဝတ်စုံ အပြည့်နှင့် သေနတ်ကြီးကို ပခုံးမှာ စလွယ်သိုင်းထားပြီး လက်သီးဆုပ်နှင့် အသက်ကို လုရှူနေသည်။ နှာခေါင်းကြီးမှာလည်း ညိုမဲစွဲနေလို့။

သူ့မိန်းမနှင့် ရန်ဖြစ်လာခဲ့သည်လား။

"မသွားဘူး"

အကန်သာပြောမိသည်။

သည်အိမ်မှာလည်း အဆင်ပြေပါသည်။

"ကျုပ်ကြိုးနဲ့ တရွတ်တိုက် ဆွဲသွားရလိမ့်မယ်"

ဟိဏ်းစစ်မင်းသည် ရေနွေးကြမ်းသောက်ရင်းပင် သီးသွားကာ ချောင်းတဟွတ်ဟွတ် ပြုရတော့သည်။

ထို့ပြင် လမ်းပေါ်တွင် ခွေးလို ဝက်လို တရွတ်တိုက် ဆွဲခံရမည့် ကိုယ်တော်ချော၏ အဖြစ်ကို မြင်ယောင်ပြီး ခွိခနဲ အသံထွက်ကာ ပခုံးတလှုပ်လှုပ်ဖြင့် ခိုးရယ်နေမိ၏။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now