အချပ်ပို (၂၂)

610 59 12
                                    

"နောင်ကြီး..."

နောက်ကျောကို ဂျီးတွန်းပေးနေသော ခွန်းဒါရီက ခေါ်လာသဖြင့် ဇိမ်ခံနေရင်း ဈာန်ဘုန်းနိုင် အင်းဟု ထူးမိသည်။

"မျိုးစေ့ချတော့မဲ့ ယာထဲကို လိုက်ကြည့်ချင်လား"

"မောင်ကြီးနဲ့လား"

ဂျီးတွန်းပြီး ရေအေးအေးနှင့် လောင်းချ‌ပေးရင်း ခွန်းဒါရီက 'ဒါပေါ့ နောင်ကြီးရဲ့' ဟု ဆိုလာသည်။ အေးမြသော ရေမွှာများ ကျောပြင်တစ်လျှောက် ဖြာကျသည်။ ခံစားရသည်မှာ အလွန် ကောင်းလှ၏။

"‌ဒီလိုဆို ကောင်းတာပေါ့၊ အရင်ဆုံး ကိုယ် ရေပြီးအောင် ချိုးလိုက်မယ်၊ မောင်ကြီး သွားလို့ရပြီ၊ ဂျီးတွန်း‌ပေးလို့ ကျေးဇူး"

လက်ပြန်ဆေးနေသူက အပြုံးနှင့် ဈာန်ဘုန်းနိုင်၏ ပါးပြင်ကို ရွှတ်ခနဲ နမ်းကာ 'ရာသီဥတု အေးတယ်၊ အချိန်မကြာစေနဲ့' ဟု သတိပေးပြီး စခန်းထဲ ပြန်ဝင်သွားသည်။

ရေတွေကို တဗွမ်းဗွမ်း ဇိမ်ခံ လောင်းချရင်း ဈာန်ဘုန်းနိုင် တွေးနေမိသည်။

အများအားဖြင့် ခူးပရာ စခန်းတွင်သာ အချိန်ကုန်သည်မှာ များသောကြောင့် ပတ်ဝန်းကျင် အသစ်အဆန်းလေးနှင့် ဈာန်ဘုန်းနိုင် ထိတွေ့ချင်မိသည်။ ရှေ့တန်းထွက်ရန်သာ စိတ်ရှိသူက ထူးထူးဆန်းဆန်း ပြောလာခြင်းမှာ စိတ်ပျော်နေ၍သာ ဖြစ်မည်။ အကြောင်းသော် ဒေသခံတွေ ရွာပြန်နေရဖို့ အရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်းပင်။

ခွန်းဒါရီတို့၏ အဖွဲ့အစည်း၊ နယ်ခြားစောင့်တပ်နှင့် ကျန်အဖွဲ့အစည်းတို့က စစ်သားတွေကို မောင်းထုတ်ပေးပြီး ရွာတွင်းမှာ နေရာဝင်ယူ စောင့်ကြပ် ပေးခြင်းဖြင့် ရွာသားတွေကို ကာကွယ်ပေးမည်တဲ့လေ။

ရေကို ဇိမ်ခံပြီး ချိုးနေသည်မှာ တစ်နာရီ နီးပါးတောင် ကြာသွားသည်။ ခွန်းဒါရီဆီမှ မျက်မှောင် ကုတ်အကြည့်နှင့် စိုးရိမ်တကြီး ဆူပူသံလေး ကြားရတော့မှာပဲဟု တွေးမိပြီး ရေလဲပုဆိုးနှင့် ဈာန်ဘုန်းနိုင်သည် စခန်းထဲကို ပြန်ဝင်သည်။

"ရေချိုးတာ အရမ်းကြာတယ်၊ အအေးမိတော့မှာပဲ နောင်ကြီးကွာ"

ပြန်ရောက်တော့ ဈာန်ဘုန်းနိုင် ထတစ်ချ သတ်မှတ်သည့်အတိုင်းပင်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now