အချပ်ပို (၁၀)

941 97 17
                                    

တစ်ပတ်အကြာတွင် ဖြစ်သည်။

ကျုပ်တို့ အဖွဲ့အစည်း၏ ခေါင်းဆောင်ပိုင်းတွင်သာ တက်ရောက်ရသော အစည်းအဝေး ကျင်းပနေခြင်း။

လူမျိုးတူ ဖြစ်သောကြောင့် အစည်းအဝေးတွင် ကျုပ်တို့၏ တိုင်းရင်းသား စကားနှင့်သာ လွတ်လပ်စွာ ပြောဆိုနေကြခြင်းပင်။

"ကျုပ် လုံးဝ သဘောမတူဘူး"

စစ်တပ်နှင့် အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေး ညှိနှိုင်းရန် ကျုပ်၏ ဆရာဟောင်း ခွန်းထမှ တင်သွင်းသည့် အဆိုကို ကျုပ် ငြင်းပယ်မိသည်။

ခွန်းထ ဆိုသည်မှာ နောင်ကြီး မြည်းဂျပုဟု ခေါ်နေကျ သူပင်။

"ကျုပ်တို့ ဒီလို လုပ်တာ ဒေသခံတွေ အတွက်ပဲ ခွန်းရီ"

ခွန်းထက ကျုပ်ကို ဖြောင်းဖြဟန် တစ်ချက် ကြည့်၏။

"သွေးကြွေးမှာ ဆွေးနွေးစရာ အကြောင်း ရှိလို့လား"

"လေလုံးထွားမနေနဲ့ ခွန်းရီ၊ ဆက်တိုက်ရင်လည်း မင်းတို့ နိုင်မှာ သေချာလို့လား၊ အခုဆို လက်နက်ကြီးတွေ လမ်းခွမှာ တင်လာပြီး ကျုပ်တို့ နယ်မြေဆီကို လှမ်းလှမ်း ပစ်နေတာ၊ နောက်ဆုံး ထိခိုက်မှာက အပြစ်မဲ့တဲ့ ကျုပ်တို့ ဒေသခံတွေပဲကွ"

မျက်နှာချင်းဆိုင်က ခွန်းထသည် ကျုပ်ကို စိုက်ကြည့်ကာ ပြတ်သားစွာ ပြောလာသည်။

ဆက်တိုက် လှမ်းထုလာသော လက်နက်ကြီး အကြောင်းကို တွေးမိလျှင် ခွန်းထ ပြောသည်လည်း မမှားပေ။

သို့သော်-

"ရယူမှုအတွက် ပေးဆပ်မှုတော့ ရှိရမယ်"

ကျုပ်စကားကို ဟက်ခနဲ လှောင်နေပါသော ခွန်းထ။

"မင်းတို့ ရတဲ့အချိန်ဆို သူတို့ရဲ့ လက်နက်ကြီးကြောင့် ပြည်သူ့အိမ်တွေ ကုန်‌နေလောက်ပြီ"

မယုံကြည်ပေးသည့်အပြင် အထင်သေးသလို ပြောလာသည့် ခွန်းထ၏ စကားကြောင့် အပူရှိန် အလုံအလောက် ရသွားသည့် ရေနွေးအိုးက ရေတွေ စပွက်လာသလို ကျုပ် ခန္ဓာထဲရှိ သွေးတွေလည်း တပွက်ပွက် ဆူထလာသည်။

ပေါင်ပေါ်က ကျုပ်၏ လက်သီးဆုပ်သည် တင်းသွား၏။

"လက်နက်ကြီးသုံးတယ် ဆိုကတည်းက ကျုပ်တို့ တစ်ဝက် နိုင်နေပြီ၊ မြေပုံထက် တစ်လက်မလောက်ပဲ ရှိတယ်လို့ သူတို့ အထင်သေးထားတဲ့ ကျုပ်တို့ ပြည်နယ်ဆီကို လေကြောင်းတွေ ဘာတွေနဲ့ ထိုးစစ်ဆင်လာ ကတည်းက သူတို့ရှုံးကြောင်း ဖော်ပြတာပဲ၊ ပြည်သူ့အိုးအိမ်‌တွေကို ဖျက်ဆီးခြင်းဟာ တကယ်ဆို သူတို့ ရှုံးမဲ မဲနေတာ၊ ဒါကြောင့် အပြတ်အသတ် နိုင်တဲ့အထိ ဆက်တိုက်မှာပဲ"

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now