(၁၈)

2.8K 243 6
                                    

၁၈။

ညနေခင်း လေရူးသည် နီးနီးကပ်ကပ် မြင်ရသည့် မြေနီ တောင်ကုန်းပေါ်က ခူးပရာ ထင်းရှူး တောတန်းကြီးကို ဝူးခနဲ ဖြတ်တိုက်သွားကာ မူ့ရာတို့၏ ခြံနောက် တစ်ကွင်းလုံးကိုပါ လွှားခနဲ ခုန်ကျော် သွားလေသည်။

ထိုးထောင် ရှည်လျားသော ဝါးပင်က ခံနိုင်ရည် မရှိသဖြင့် လည်ပင်ရှည်းကို ကိုင်းညွှတ်ကာ အချင်းချင်း ငြိစွန်းသွားသည်။ ထိုအခါ ကျွီခနဲ မြည်သည်။ ခြံထောင့်ရှိ ကော်ဖီပင်၊ ထောပတ်ပင်၊ သစ်တော်ပင်များက ချမ်းလွန်းသဖြင့် အကိုင်းများ လှုပ်ခါရမ်းကာ တရွှီးရွှီး အသံပြု၏။

တစ်ချိန်တည်းတွင် အိမ်သာသွားသည့် လမ်းတွင်ရှိသော ဝက်ခြံမှ ဝက်ချေးနံ့သည် ညနေခင်း လေနှင့်အတူ တထောင်းထောင်း လိုက်ပါသောကြောင့် လမ်းတစ်ဖက်က ငရုတ်ပင်၊ ချဥ်ပေါင်ပင်၊ ခရမ်းပင်များခမျာ နှာခေါင်းရှုံ့ နေရပြီ။ နေရောင် ဆမ်းလျက် ရှိသောကြောင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကန်စွန်းဥ၊ ဂျူးရွက်များနှင့် မုန်ညင်း စိုက်ခင်းများသည် အစိမ်းရောင် ပင်လယ်ကြီးများလို ငွားငွားစွင့်စွင့်နှင့် တလက်လက် ထနေလေသည်။

ထိုအထဲတွင် မူ့ရာသည် ပေါက်ပြား တစ်လက်နှင့် အိမ်သာလမ်းတွင် ပေါက်နေသော ပေါင်းပင်များကို တရှပ်ရှပ် ပေါက်ထုတ်နေ၏။

ဟိဏ်းစစ်မင်းသည် အိမ်ပေါ်ထပ်ရှိ ပြတင်းဘောင်ကို မှီနွဲ့၊ ဟန်ပါပါ လက်ပိုက်ရင်း ပေါက်ပြားနှင့် အလုပ်ရှုပ်နေသော မူ့ရာကို ငေးကြည့် နေမိသည်။ တစ်ဖက်က ပြတင်းပေါက် တွင်တော့ ဧကလျာနှင့် သူရိန်ငြိမ်း။

ပေါက်ပြားကို ကျွမ်းကျင်စွာ ကိုင်ကာ ပေါင်းတွေကို တရှပ်ရှပ် သင်းနေသည်မှာ အနည်းငယ် ကြာနေပြီ ဖြစ်၍ မူ့ရာ၏ ပါးပြင်တွင် ချွေးစို့နေပြီ။ ပန်းရောင် ခေါင်းပေါင်း တလှုပ်လှုပ်နှင့် နေရောင် ထိုးသောကြောင့် ပိတုန်းရောင် ရှေ့ဆံမြိတ်၊ အဝါရောင် ကြေးပတ်နှင့် လက်ကောက်ဝတ်က ငွေရောင် လက်ပတ် တို့သည်လည်း တလက်လက်။ အထက်သို့ အနည်းငယ် ကော့တက်နေသည့် မျက်ဝန်းထောင့်ရှိ မျက်တောင် စိပ်များသည် လိပ်ပြာတောင်ပံလို တဖျတ်ဖျတ် ခတ်မနေဘဲ စွန်ရဲတစ်ကောင် အတောင်ဖြန့်သလို အတန်ကြာအောင် ဖြန့်ကျက်သည်။ နှစ်ချက်မျှ ပုတ်ခတ်သည်။ စင်ရော်ငှက် ပျံကြွသွားမည့် အသွင်ဆောင်သည့် နှုတ်ခမ်းပါး အစုံသည် အလျင်လို ခဏခဏ မကော့တက်တော့ဘဲ တင်းတင်း စေ့ထားသည်မှာ စုစုပေါင်း သုံးရက်ပင် ရှိလေပြီ။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Wo Geschichten leben. Entdecke jetzt