(၃၃)

2.2K 216 16
                                    

၃၃။

အခန်းထဲတွင် မီးဖှိုမှ လောင်ကျွမ်းနေသော မီးစာများ၏ တတောက်တောက် အသံ၊ ဈာန်ဘုန်းနိုင်၏ သက်ပြင်းရှိုက်သံ၊ လက်သီးကို တင်းတင်း ဆုပ်ထားသောကြောင့် လက်ချောင်းများမှ တဂျွတ်ဂျွတ် မြည်သံ တို့မှအပ မည်သည့် သက်ရှိ၊ သက်မဲ့မျှ ရွေ့လျားခြင်း မရှိ။

ဈာန်ဘုန်းနိုင်မှ မည်သည့်စကား မဆိုနိုင် လောက်အောင် ထိတ်လန့် နေသည်။ တုန်လှုပ် နေသည်။ ဒေါသထွက် နေသည်။ ထို့ပြင် အမည်မသိသော၊ အမည်ဖော်၍ မရသော ခံစားချက်များသည် ခေါင်းထဲတွင် အစဖြည်၍ မရတော့သော ချည်လုံးတစ်ခုလို ရောပြွမ်းရှုပ်ထွေး သွားတော့သည်။

"မင်း မင်းက..."

မျက်လုံးအစုံကို ဖိမှိတ်ကာ ခေါင်းကို တစ်ချက် ခါယမ်းလိုက်၏။

"မင်း မဟုတ်မှ၊ မင့် ရဲဘော်တွေကိုလည်း အဲ့လို လုပ်နေကျလား"

ခေါင်းငုံ့နေသော ခွန်းဒါရီသည် အံ့ဩသွားသလို ဈာန်ဘုန်းနိုင်ကို ဆတ်ခနဲ စူးရဲစွာ ကြည့်နေသည်။ အောက်မေးရိုး တုန်နေအောင် အံကို ကြိတ်ထားကာ ဈာန်ဘုန်းနိုင်ကို တစ်ခါမှ မမြင်ဖူးသည့်သူလို သေချာ စိုက်ကြည့်နေ၏။ ထို့ပြင် ပဟေဠိများ ပြည့်နေသည့် လျှို့ဝှက်သေတ္တာ တစ်လုံးကို မဝံ့မရဲ ဖွင့်လိုက်ရသလို သူ့လေးကိုင်း သဏ္ဌာန် နှုတ်ခမ်းသည် တစ်ခုခု ပြောချင်နေဟန် ခပ်အာအာ ပွင့်လာသည်။ သို့သော် ထိုသေတ္တာကို ဖွင့်မကြည့်ရဲ ပြန်သဖြင့် ဂျောက်ခနဲ အတင်းပြန် ဖိပိတ် ထားသလို သူ့နှုတ်ခမ်းလွှာ များကိုလည်း တင်းတင်း စေ့ထားပြန်ကာ ရင်အစုံ မို့မောက်နေအောင် ပင့်သက်ကြီးကိုသာ ရှိုက်၏။

သူ့မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှု၊ မခံမရပ်ဖြစ်မှု၊ ထို့နောက် ဈာန်ဘုန်းနိုင် မမြင်ဖူးသည့် အားငယ်မှု၊ သိမ်ငယ်မှု...ဟင့်အင်း၊ ဈာန်ဘုန်းနိုင် ထိုအကြည့်တွေကို ရင်မဆိုင်ရဲတော့ပါ။

ဈာန်ဘုန်းနိုင်သည် သူ့အကြည့်မှ မျက်နှာလွှဲကာ တတောက်တောက် ရဲနေသော မီးဖိုကိုသာ အကြည့် ပို့နေလိုက်သည်။

ထူးထူးဆန်းဆန်း ရင်တွေ မွန်းကြပ်လာလိုက်တာ။ ဟို မီးကျီတွေလိုပဲ ပူလောင်လာလိုက်တာ။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now