(၂၈)

2.4K 231 9
                                    

၂၈။

တံခွန်တိုင်ပွဲအခမ်းအနားတစ်ခုလုံးအပေါ် ဈာန်ဘုန်းနိုင်သည် အာရုံမရှိဘဲ ပလပ်စတစ်ခုံတွင် ခြေကိုချိတ်၊ လက်ကိုပိုက်ထိုင်ပြီး ခွန်းဒါရီဆီသို့ မုန်တိုင်းမီးလုံးကြီးတွေကို အကြည့်ဖြင့်သာ တစ်လုံးပြီးတစ်လုံး ပစ်လွှတ်နေမိသည်။

အခမ်းအနားတွင် သူတို့အဖွဲ့အစည်းမှ စစ်ချီတက်ပြနေသည်။ ပြီးလျှင် ဗိုလ်ကြီးဖြစ်ဟန်တူသည့်လူကြီးမှ သူတို့ဘာသာစကားနှင့် ပြောနေသည့်အတွက် ဈာန်ဘုန်းနိုင် နားမလည်ပါ။ အမှာစကားပြောနေသည်ပဲဖြစ်မည်။

ဆယ့်ငါးမိနစ်အကြာတွင် လူအုပ်ကြီးမှ လက်ခုပ်ဩဘာသံများ ဖြောင်းဖြောင်းဖြဖြ ထွက်ပေါ်လာပြီး ထိုလူကြီးက ပြန်ထိုင်သည်။ ထိုသို့အပြီးတွင် ရဲဘော်အုပ်များ တန်းဖြုတ်ကာ ဟီးဟီးဟားဟားလုပ်နေကြသည်။ ဟုတ်သည်။ သူတို့ဆီဝိုင်းအုံလာသော အပျိုမတွေနှင့် သွားတန်းကြီးပေါ်နေသည်အထိ စကားပြောကာ တဟားဟားရယ်နေသည်မှာ ဟီးဟီးဟားဟား မဟုတ်လျှင် အဘယ်သို့ခေါ်နိုင်မည်နည်း။ ထိုအထဲမှ တစ်ယောက်သော အကုသိုလ်ကောင်သည် ဈာန်ဘုန်းနိုင်ဆီကို ယခုထိမလာသေး။ မလာသေး...။

"ဒူ..."

ရုတ်တရက် ကွင်းပြင်တစ်ခွင် ပျံ့ကျဲလာလေသော ဖားစည်သံကြီး။ ထိုဖားစည်ရိုက်ခတ်သံသည် ဈာန်ဘုန်းနိုင်အပါအဝင် ကွင်းပြင်ထဲရှိ လူများအားလုံးကို လက်ရှိအာရုံမှဆွဲခေါ်လာကာ ညှို့ယူဖမ်းစားနေလေသည်။ ဖားစည်သံ၏ နောက်တွင် 'ချွင်...' ဟူသော ကြေးကွင်းနှစ်ချပ်၏ ရိုက်ခတ်သံလည်း ဆည်းလည်းသံအလား ဝန်းကျင်တစ်ခွင်ပျံ့လွင့်လာလျက်။

ထိုအခါ ထိုးထောင်နေသော တံခွန်တိုင်ကြီးများ၏ ဘေးပတ်ပတ်လည်တွင် အဘိုးကြီး၊ ဦးလေးကြီးများသည် ဝိုင်းကြီးပတ်ပတ်ဒူဝေဝေပုံစံ အဝိုင်းကြီးလုပ်ကာ ဝါးပုလွေကိုယ်စီ အဆင်သင့် ပါးစပ်နားတေ့လျက် ဝိုင်းဖွဲ့နေကြသည်။ လူဝိုင်းကြီးအလယ်တွင် ဗုံကြီးတစ်လုံးကို ဝါးတန်းနှင့်ချိတ်ကာ သက်လတ်ပိုင်း ယောက်ျားကြီးနှစ်ယောက်မှ ပခုံးထက်တွင် ချိတ်တင်ထားကြသည်။ တစ်ဦးသည် ဗုံကြီးကိုတီးမည့်တုတ်ကို ကိုင်ဆောင်ထားသည်။ ထိုနှစ်ဦး၏နောက် ခပ်လှမ်းလှမ်းတစ်နေရာတွင် ကြေးကွင်းနှစ်ချပ်ကို တီးတော့မည့်ဟန် ဦးလေးကြီးတစ်ယောက်မှ အဆင်သင့်ပြင်ထားလျက်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now