အချပ်ပို (၄၅)

471 39 20
                                    

သက်တမ်း ကြာသွားသော စုံတွဲနှစ်ဦးသည် အမွှာကဲ့သို့ အကျင့်စရိုက် တူလာကြသည်တဲ့။ မယုံရင် ဗိုလ်ကြီးတို့ အတွဲကို ကြည့်ကြပါစို့ဟု ကျွန်တော်တို့ ရဲဘော်တွေ ပြောကြား ချင်ပါသည်။

စမ်းသပ် ကြည့်ကြရအောင်။ ပထမဆုံး တစ်ခုက လမ်းလျှောက်လျှင် ခြေလှမ်း ညီကြခြင်း။

ယခုလည်း ရဲဘော်တို့ဆီ လျှောက်လာကြသော ဗိုလ်ကြီးတို့သည် လေ့ကျင့် ထားသည့်အတိုင်း လက်သီး ဆုပ်ထားပြီး ခြေလှမ်းတွေကို ဘယ်ညာ ညီညာစွာ လှမ်းလာကြသည်။ ပြောက်ကျား ဝတ်စုံလည်း ဆင်တူပါပင်။ ဗိုလ်ကြီးက ဦးထုပ် အနီဝိုင်းကို ဆောင်းထားပြီး ဗိုလ်ကြီးကတော်က ပြောက်ကျား ဦးထုပ်အဝိုင်းနှင့်။ နေရောင်အောက်တွင် နှစ်ဦးစလုံး၏ အကြည့်တွေသည် စူးရဲနေကြသည်။ လေပြင်းသော ရာသီမို့ သူတို့၏ နောက်ဖက်တွင် ဖုန်တွေသည် တဝဲဝဲ။

ဒုတိယ တစ်ခုက တစ်စုံတစ်ဦးမှ အမည်ခေါ်လျှင် ပြိုင်တူ ကြည့်လာကြခြင်း။

"ဗိုလ်ကြီး-"

ပြိုင်တူ ကြည့်လာကြသည်။

"ဗိုလ်ကြီးကတော်ကို ခေါ်တာ၊ ဟဲ ဟဲ"

ဒေါသထွက်ချိန်လည်း တူကြလိမ့်မည်။ ဟီးခနဲ ရယ်ပြသော ရဲဘော်ကို နှစ်ဦးသားက အံကြိတ် ပြလာကြသည်။ ဒါလည်း ပြိုင်တူပါပင်။

"ဘာလဲ၊ ဘာပြောမလို့လဲ" "ပြောစရာရှိတာ ပြော"

စကားလုံး မတူပေမဲ့ ဘောက်ဆတ်ဆတ် စကားသံသည် ပြိုင်တူ ထွက်လာ ပြန်သည်။ ရဲဘော်တို့သည် သဘောတကျ ပြုံးမိ၏။

"နွားပွဲစားလို ဖြီးမနေနဲ့၊ ပြောစရာ မရှိတော့ရင် ကိုယ် သွားတော့မယ်"

"အချိန် သိပ်ပေါနေလား"

ပြိုင်တူ ပြောပြန်ပြီး အချင်းချင်း တစ်ချက် စောင်းကြည့်ကာ လှည့်ထွက်သွား ကြသည်။ အခြေအနေ မကောင်းဘူးဟု ခံစားရသည်နှင့် ရဲဘော်တို့လည်း ဘာမျှ မပြောကြတော့။

ဗိုလ်ကြီးတို့ ရန်ဖြစ် ထားကြပြန်ပြီလား။

စခန်းထဲ ရောက်သည်နှင့် ဈာန်ဘုန်းနိုင်သည် အဝတ်အစားကို ချွတ်၊ ရေလဲပုဆိုး ယူပစ်ကာ ရေသွားချိုးရန် ပြင်သည်။ အရမ်း ဒေါသ ထွက်နေလို့ပါ။ ဒီအတိုင်းသာ ဆက်နေလျှင် ခွန်းဒါရီအား ထိုးမိမည်ထင်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now