(၂၂)

2.6K 237 10
                                    

၂၂။

နှစ်ရက်ခန့်ကြာပြီးနောက် လေအေးနုနု ဖြတ်တိုက်သော မနက်ခင်းနေရောင်ခြည်အောက် ဟိဏ်းစစ်မင်းသည် အိမ်ရှေ့ကွက်လပ်ကွင်းပြင်တွင် ခုံပုတစ်လုံးခုထိုင်ကာ လောလောလတ်လတ် ခုတ်ထစ်ထားသောဝါးပင်ရှည်မှဝါးရွက်များကို ဓါးမနှင့်တထစ်ထစ်ရှင်းနေသည်။ ဤရွာတွင်နေလာသည်နှင့်အမျှ ဟိဏ်းစစ်မင်းသည် ဓါးမကြီးကိုလည်း ကျွမ်းကျင်စွာကိုင်တွယ်တတ်ခဲ့ လေပြီ။ ဟိဏ်းစစ်မင်းသည် စင်းလုံးချောပြောင်ရှင်းသွားသော ဝါးလုံးများကို မူ့ရာသင်ပေးထားသည့်အတိုင်း အရင်းနားမှတစ်ဖြတ်တစ်ဖြတ် ပိုင်းခုတ်နေသည်။

အိမ်ကြီးအောက်က ထင်းချောင်းကိုရွေးရင်း မူ့ရာသည် ဝါးလုံးနှင့်အလုပ်ရှုပ်နေသော ဟိဏ်းစစ်မင်းကို ပြုံးကြည့်ပြီး ရေချိုးခန်းတွင် ငှက်ပျောရွက်အုပ်များကို ရေဆေးနေသည့် သူရိန်ငြိမ်းကိုလည်း တစ်ချက်ဝေ့ကြည့်ကာ ပြုံးနေမိသည်။

သည်ယနေ့ မြို့ပေါ်ကသူတို့လေးတွေကို ဝါးကျည်တောက်ထမင်းချက်ပေးရန် ပြင်ဆင်ခြင်းပင်။ သူတို့လေးတွေသည် စိတ်ဝင်တစားနှင့်မူ့ရာကို ဝိုင်းကူညီပေးကြသည်။ တကယ်ချစ်ဖို့ကောင်းသည့် လူမျိုးလေးပါလေ။ မူ့ရာသည်ပြုံးနေမိရင်း ထင်းစည်းကိုရင်ဝယ်ပိုက်လျက် မီးဖိုချောင်က ဆန်ဆေးနေသည့် ဧကလျာဆီပြန်လာလိုက်သည်။

"ဟိဏ်းစစ်...ဟိဏ်းစစ်"

ဝါးကို တတုတ်တုတ်ခုတ်ထစ်နေရာမှ ဟိဏ်းစစ်မင်းအား တစ်ယောက်ယောက်က ခေါ်နေသလို။ ထိုအခါ ဓားမကိုချပြီးနားစွင့်ကြည့်သည်။

"ဟိဏ်းစစ်...ဟိုမှာကြည့်"

အသံက လှေကားထစ်ရင်းမှလာသည်။ ဟိဏ်းစစ်မင်းသည် ခေါင်းထောင်မော့ကြည့်သောအခါ သူရိန်ငြိမ်းက ဆေးပြီးသား ငှက်ပျောရွက်အုပ်ကြီးကိုပိုက်ပြီး ခြံအပြင်ကိုမေးဆတ်ပြကာ အိမ်ပေါ်တက်သွားသည်။ ဟိဏ်းစစ်မင်းလည်း လိုက်ကြည့်မိသည်။ လမ်းသည် ကုန်းမြင့်ဖြစ်ရာ ဟိဏ်းစစ်မင်းတို့အတွက် မော့ကြည့်ရ၏။

"ကိုဘုန်းနိုင်..."

လမ်းပေါ်တွင် တစ်နည်းအားဖြင့် ခြံအဝင်ဝတွင် ဈာန်ဘုန်းနိုင်နှင့်ခွန်းရီ။ နောက်ဆုံးတော့ ကိုဘုန်းနိုင်လေး ပြန်သတိရလာပြီပင်။ ဈာန်ဘုန်းနိုင်သည် ဟိဏ်းစစ်မင်းတို့လို တိုင်းရင်းသားဝတ်စုံနှင့်ဖြစ်သည်။ ခွန်းရီဆိုသည့် လူကြီးကတော့ ပြောက်ကျားဝတ်စုံအပြည့်အစုံနှင့် အမြဲတမ်းခန့်ညားနေသည်။ ခွန်းရီ၏မျက်နှာမှာလည်း ညိုမဲစွဲရာအချို့ကို မြင်ရသည်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now