အချပ်ပို (၉)

1K 104 19
                                    

စားဖိုဆောင်ကနေ ဖျော်လာသည့် အဖွဲ့အစည်းထုတ် လက်ဖက်ရည်ခွက်ကို အလုပ်စားပွဲ‌ပေါ် ချပေးသည့်အခါ နားကြပ်နှင့် လက်ပ်တော့ရှေ့ အလုပ်လုပ်နေသော ခွန်းဒါရီက ကျေးဇူးတင်ဟန် တစ်ချက် ပြုံးပြသည်။ ထို့နောက် လက်ပ်တော့ပ်ပေါ်ကို ပြန်အာရုံထားသည်။

ဈာန်ဘုန်းနိုင် ပြုံးရုံသာ ပြုံးပြီး ကိုယ့်အတွက် လက်ဖက်ရည်ခွက်ကို ယူသွားကာ မျက်နှာချင်းဆိုင်က ခုံတွင် ဝင်ထိုင်နေရင်း ဇူးမ်မီတင်းတွင် အာရုံရောက်နေသော ခွန်းဒါရီအား ခပ်လှမ်းလှမ်းမှ ငေးကြည့်နေသည်။

ရဲဘော်တို့ ရှေ့တန်းထွက်နေကြသဖြင့် ခူးပရာ စခန်းထဲတွင် ဒဏ်ရာကြောင့် အနားယူနေသည့် ရဲဘော်အချို့နှင့် ဈာန်ဘုန်းနိုင်တို့မှအပ ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။

ယခု ခွန်းဒါရီ၏ အလုပ်စခန်းထဲ‌ဆို ပို၍ပင် တိတ်‌ဆိတ်နေပါ၏။

စခန်းသည် အပေါ်ပိုင်းကို သစ်သား‌ချောင်းဇကာနှင့် ကာထားသော သစ်သားအိမ် ဖြစ်သောကြောင့် ပြင်ပက မြင်ကွင်းကို ရှင်းလင်းစွာ မြင်နေရသည်။

ကွင်းပြင်ထောင့်က သစ်ပင်၊ ဝါးပင်များသည် တောင်ပေါ်‌လေကြောင့် တရွှီးရွှီး ပွတ်တိုက်နေ‌သည်။ သစ်နံ့၊ မြေနံ့...၊ တောနံ့၊ တောင်နံ့တွေကို သယ်ဆောင်လာပေးသော လေညင်းသည် နွေရာသီ ဖြစ်သော်ငြား အေးမြမှုက ပါလာစမြဲ။ ချမ်းမြေ့မှုက တိုးဝှေ့လာစမြဲ။ အေးမြလှပါဘိ။ လတ်ဆတ်လှပါပေ့။

ထို့ပြင် ချစ်သူ၏ ကိုယ်သင်းနံ့ကို စေတနာပါပါ သယ်ယူလာပေးကာ ဈာန်ဘုန်းနိုင်၏ နှာဝအထိ အရောက်ပို့ပေးပါသော နွေလေပြေ‌ကို ချစ်မဝ ဖြစ်ရလေပြီ။

ဈာန်ဘုန်းနိုင်၏ သွေးယောင်သမ်းနေသော နှုတ်ခမ်းတစ်စုံသည် လက်ဖက်ရည်ပူကို တစ်ကျိုက် ငုံ့သောက်ကာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေမိ၏။

"အင်း...တားကြတာပဲ၊ အဖွဲ့အစည်းတချို့က ကျုပ်တို့ကို မယုံကြည်ပေးတဲ့အပြင် မနိုင်ပါဘူးကွာ၊ ညှိုနှိုင်းကြတဲ့၊ ဟက်...သွေးကြွေးမှာ ဆွေးနွေးစရာ အကြောင်း လုံးဝမရှိဘူးဆိုတဲ့ စကားကို နားမလည်ကြသေးဘူး၊ မဟုတ်ဘူး၊ သိကို မသိကြတာ"

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now