အချပ်ပို (၃၇)

434 43 16
                                    

ကားကို ဂရုစိုက် မောင်းရင်း တစ်ဖက်ခုံပေါ်က ပိတ်စ အုပ်ထားသည့် ကားချပ်တစ်ခုကို ကျုပ် မကြာခဏ လှည့်ကြည့်ရသည်မှာ အမော။

သည်ကားချပ်သည် အလွန် အရေးကြီးသည်။ ပျက်စီး၍ လုံးဝမရ။ သတိထားရမည်ဟု ကျုပ်ကိုယ်ကျုပ် အတန်တန် သတိပေးရင်း လမ်းကြောင်းကိုလည်း မနည်း ဂရုစိုက် ကြည့်ရသည်။ တော်ကြာ ဟိုတစ်လက အဖြစ်လို ဖြစ်မှဖြင့်။ ဟိုတစ်လက ရန်သူစစ်ခွေး မဟုတ်ဘဲ ပြည်သူ့ ရဲဘော်နှင့် ကျုပ်တို့လို အဖွဲ့အစည်းကြီးတွေ အချင်းချင်း ကိုက်ကြသောကြောင့် ရဲဘော်တွေ ကျဆုံးရသည်မှာ တစ်ဦး၊ နှစ်ဦး ရှိလေပြီ။

သတိကပ်ထားရင်း ကျုပ် သက်ပြင်းသာ ချမိသည်။ တစ်ချက် ချပြီးသော် ကားချပ်ကို ပြန်ဝေ့ကြည့်၏။

သည်ကားချပ်ကို မြင်လျှင် နောင်ကြီး သေချာပေါက် ပြုံးသွားစေရမည်။ နောင်ကြီး၏ အပြုံးသည် ခူးပရာ နှင်းရည်လို ပျောက်ကွယ်သည်မှာ ကြာလှပြီ ဖြစ်သည်။ အကြောင်းကား ရက်တိုင်းဆက်တိုက် ပြင်းထန်လာသော တိုက်ပွဲကြား သူရဲကောင်း ရဲဘော်များသည် သစ်ရွက်ခြောက်လို တဖြုတ်ဖြုတ် ကြွေကျဆုံးခဲ့ရသည့် အဖြစ်မျိုးနှင့် ဆက်တိုက် ကြုံရသောကြောင့်ပင်။

နောင်ကြီး သာမက ကျုပ်တို့အားလုံး ဝမ်းနည်းရပါသည်။

စစ်ခွေး အာဏာရှင်များသည် ကျုပ်တို့ ပြည်နယ်ကို ညစဉ်ညတိုင်းလိုလို လက်နက်ကြီးတွေနှင့် မီးပုံပျံလို အတွဲလိုက်၊ အတွဲလိုက် ထုလာသည့်ကိစ္စရပ်အား ပြည်သူတွေ အာရုံ မစိုက်နိုင်အောင် အကျဉ်း ထောင်ထဲက ကျောင်းသား (၇) ဦးကို သေဒဏ် ချမည်ဟု သတင်း လွှင့်သည်။ ယမန်နေ့က ကျုပ်တို့ မဟာမိတ် တပ်ရင်း (...) မှ ရဲဘော်တစ်ဦး တိုက်ပွဲမှာ ကျသွားခဲ့ရသည်။ ထို့ပြင် တပ်ရင်း (....) က ရဲဘော် သုံးဦးလည်း ပိတ်မိရာ ရန်သူတွေက ရက်စက်စွာ ချက်ချင်း ခေါင်းဖြတ် သတ်သည်။ အလောင်းတောင် ပြန်မရနိုင်။

ရန်သူတွေက ရန်သူ ပီသသည်။ သုံ့ပန်း မိသည်နှင့် ချက်ချင်း သတ်ပစ်သည်။ ပြည်သူဖက်ဆို သုံ့ပန်း စစ်ခွေးတွေကို ဖမ်းမိလျှင် ချက်ချင်းမသတ်။ တချို့က နှိပ်စက်ပြသည်။ တချို့က ဆေးတောင် ကုပေးသေး။ တန်ရဲ့လား။ ကျုပ်တို့ ကောင်းပေးပေမဲ့ သူတို့က ရဲဘော်တွေကို မညှာမတာ ချက်ချင်း သတ်ပစ်သည်။ ထိုက်တန်ရဲ့လား။ ထိုက်တန်ပါရဲ့လားဟု ကျုပ် အားပါးတရ အော်မေးချင်လိုက်သည်။ သို့သော် ထိုသို့ မေးလျှင် ကျုပ်ပဲ လူယုတ်မာ ဖြစ်သွားလိမ့်မည်။ ဖြစ်နိုင်လျှင် စစ်ခွေးမှန်သမျှကို ကျူပင်ခုတ်၊ ကျူငုတ် မကျန်ရအောင် တစ်မျိုးလုံး ကျုပ် သတ်ပစ်ချင်တာ။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now