(၂၇)

2.5K 231 9
                                    

၂၇။

"ဒူ...ဝေ...ဝေ...ဒူ..."

မြို့တွင်ကြားရလေ့ရှိသည့်နံနက်ခင်းတေးသံသာဖြစ်သည့် အုန်းမောင်းခေါက်သံလို ခူးပရာရွာတွင်မူ နံနက်စောစောဝေလီဝေလင်းချိန်ရွာလယ်ကွင်းပြင်မှ ဖားစည်တီးသံလည်း လွင်လွင်ထွက်ပေါ်လာလျက်။

နောက်ဆုံးတော့ တစ်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် ခူးပရာရွာ တံခွန်တိုင်ပွဲရောက်ခဲ့လေပြီ။

နေမထွက်ခင်ကတည်းက အစောကြီးထပြီး ပြင်ဆင်နေကြသည့် ဧကလျာတို့အဖွဲ့ကြောင့် ဈာန်ဘုန်းနိုင်၏နားထဲဝူးဝူးဝါးဝါးစကားပြောသံများ ဝင်လာနှောင့်ယှက်သဖြင့် ဖြောင့်ဖြောင့်အိပ်၍ပင်မရတော့။

ဘေးမှာဟာလာဟင်းလင်းဖြစ်နေသဖြင့် မျက်လုံးပင်မဖွင့်နိုင်သေးဘဲ အနွေးအိတ်ကြီးကို လက်ဖြင့်ဟိုစမ်း၊ ဒီစမ်းရှာနေမိသည်။ ဗလာကျင်းသာထိမိသဖြင့် စိတ်ထဲအလိုမကျချင်။ ဘယ်အချိန်ကတည်းက ထသွားပြန်ပြီလဲ။

ထိုအစား ပိနေသောစောင်ပုံကြီးကိုသာခွာပြီး တစ်ချက်သမ်းဝေကာ မျက်လုံးကိုပွတ်သည်။

"အစ်ကို မြန်မြန်ပြင်ဆင်တော့၊ ပွဲတော်စတော့မယ်"

ဧကလျာ၏အသံက တစ်မျိုးဖြစ်နေသည်ဟု ထင်မိသဖြင့် မျက်လုံးကိုထပ်ပွတ်ကြည့်မိတော့ အဝါရောင်ကြေးကွင်းနှင့် အပြာနုရောင်ခေါင်းပေါင်းကို ဝတ်ဆင်ထားသည်ကို တွေ့နေရသည်။ ကြေးကွင်းပတ်ထားသည့်ဧကလျာသည် မနက်ခင်းမှာပွင့်သည့်ပန်းလို တစ်မျိုးတစ်မည် လှနေပြန်ပါသည်။

"ကလျာ လှနေတယ်"

အပြုံးနှင့်ချီးကျူးမိတော့ သူရိန်ငြိမ်းက ဈာန်ဘုန်းနိုင်ကို စောင်ပုံမှလာဆွဲထကာ 'မျက်နှာသွားသစ်တော့' ဟု နှင်လွှတ်လေ၏။ ထိုသို့လည်း ပြောလိုက်သေး။

"ကလျာလှတာ ကျွန်တော်သိတယ်"

လှနေသည်ကိုလှကြောင်းချီးမွမ်းမိသည့် ကိုယ့်လို သူငယ်ချင်းအချင်းချင်းကိုပင် မယုံကြည်သည့် သူရိန်ငြိမ်းစုတ်။

ဈာန်ဘုန်းနိုင်မှာ အံတကြိတ်ကြိတ်နှင့် ပွစိစွစိရေရွတ်ကာ ရေချိုးခန်းဆီ ခြေဦးလှည့်ရတော့သည်။ အဘိုးနှင့်အဘွားက အစောကြီးသွားနှင့်ကြ၍ အိမ်ကြီးထဲ ငါးဦးသာကျန်နေခြင်းပင်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now