အချပ်ပို (၄၄)

450 36 35
                                    

ဈာန်ဘုန်းနိုင် မျက်လုံး ဖွင့်လာသော် စူးနေသော နေရောင်ကြောင့် မျက်လုံးကို လက်နှင့်အမြန် ကာထားမိသည်။ မျက်လုံးကာနေစဉ် နွေးထွေးသော ရင်ခွင်ကျယ်ထဲ အိပ်နေကြောင်း သိရတော့သည်။ နှုတ်ခမ်းပါးက မနေနိုင်စွာ ကွေးညွှတ်လာ၏။

မျက်လုံး အဆင်ပြေတော့မှ ဖြည်းညင်းစွာ ပြန်ဖွင့်ရာ ဖြူစင်သော မိုးသားပြင်။ တိမ်တွေလည်း ဟိုတစ်စ၊ ဒီတစ်စ။ ဂွမ်းလုံးလေးနှယ် စုနေသည်လည်း ရှိပြန်၏။ လေလည်း တဟူးဟူး တိုက်နေပေမဲ့ ခွန်းဒါရီ၏ လက်မောင်းပေါ် ခေါင်းအုံးအိပ်ကာ ရင်ခွင်ကျယ်ထဲ ရှိနေသဖြင့် မအေးတော့။ ပက်လက်လန် အိပ်ရာမှ ဘေးတစောင်း အနေအထား ပြောင်းလိုက်ကာ အိပ်ပျော်နေသော ချစ်သူကြီး၏ မျက်နှာပြင်ကို ရင်ခုန်သံ စည်းချက်လေးနှင့် ဖွဖွလေး ပွတ်သပ် နေမိသည်။

"လွမ်းနေခဲ့ရတာ"

ရေရွတ်ပြီး လွမ်းနေရသော မျက်နှာပြင်၏ အစိတ်အပိုင်း တစ်ခုချင်းဆီကို ဈာန်ဘုန်းနိုင်၏ လက်ချောင်းသွယ်တွေနှင့် မြတ်နိုးစွာ ထိတွေ့ ကြည့်မိသည်။

အလျင်ဦးဆုံး ရှည်စပြုသော ဆံပင်ကြမ်းတွေကို သပ်ပေး၏။ ပြီးသော် ပညာရှိ နဖူးပြေကို လက်ညိုးဖြင့် ဖွဖွလေး ထိကာ ထူထဲပြီး ထောင့်ချိုး သွားသော မျက်ခုံးတစ်စုံကို ဖွဖွလေး ပွတ်သည်။ တိုကပ်သော မျက်တောင်မွေးတွေကို မထိတော့ဘဲ နှာတံကြီးမှ ဆက်ဆင်းကာ တင်းတင်း စေ့ထားသော အညိုရောင် လေးကိုင်း နှုတ်ခမ်းပါးသို့ ရောက်၏။ ခိုင်ခံ့သော မေးရိုးတစ်လျှောက်က ထူထဲထဲ မှုတ်ဆိတ်မွေး၊ လေးကိုင်းနှုတ်ခမ်း တစ်ဝှိုက်က နှုတ်ခမ်းမွေး၏ ယားစိစိ အထိကို သဘောတကျ ထိတွေ့ကာ ရင်ခုန်လွန်းသဖြင့် ဖွံ့ထွားသော ရင်အုပ်ကျယ်ပေါ် ရင်ချင်းအပ်ပြီး လည်တိုင်ကြီးထဲ မျက်နှာဖွက်သည်။ ယောက်ျားဆန်သော ချွေးနံ့နှင့် ကိုယ်သင်းနံ့ကို တမက်တမော ရှိုက်နမ်းပစ်လိုက်၏။

ဤလူသားကို ဈာန်ဘုန်းနိုင် ချစ်လိုက်ရတာ။

"နောင်ကြီး..."

ဩနက်သော ဝမ်းခေါင်းသံနှင့်အတူ ခါးပေါ်ကို မြဲမြံစွာ ကုပ်တွယ်လာသော ဖဝါးကျယ်တစ်စုံ။ ဈာန်ဘုန်းနိုင် ရင်ဖိုစွာ ပြုံးမိကာ ရင်အုပ်ကျယ်ပေါ် မေးတင်ပြီး ချစ်စိတ် အပြည့်နှင့် ကြည်နူးစွာ မော့ကြည့်သည်။ မျက်ဆန်ဝါက နူးညံ့နေပုံများ။ ချစ်လွန်းသဖြင့် ပြုံးနေသော လေးကိုင်း နှုတ်ခမ်းပါးဆီ လည်တိုင်ကို ဝင့်ချီပြီး တစ်ချက် မော့နမ်းပစ်လိုက်၏။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now