(၁၇)

2.8K 244 2
                                    

၁၇။

အမှောင်ထု တစ်ခုကြီး ထဲတွင် ဈာန်ဘုန်းနိုင်သည် ဟောဟဲလိုက်ကာ အမောတကော ပြေးလွှား နေသည်။

"သား၊ သားငယ်"

မေမေ၏ အသံ။

မေမေက အလင်းတန်း ဖြာထွက်နေသော ထွက်ပေါက်တွင် ရပ်နေသည်။ အလင်းတန်းသည် ပါတိတ်ဝတ်စုံ၊ ဆံပင်ကောက်ကို ထုံးဖွဲ့ထားသော မေမေ့ တစ်ကိုယ်လုံးကို ထိုးဖောက် နေလေ၏။

"ဖေ့သားလေး၊ လာပါအုံး"

ဖေဖေ...။

ဖေဖေသည် မေမေ့ ဘေးတွင် လာရပ်ပြီး ဈာန်ဘုန်းနိုင်ကို လက်ယပ် ခေါ်နေသည်။

ဆံပင်ကို ဖြီးတင်ထားကာ တိုက်ပုံဝတ်စုံနှင့် ဖေဖေသည် အမြဲ ခန့်ညားနေ၏။ 

ဖေဖေနဲ့ မေမေလား...။ သားကို အမြန် လာခေါ်ပေးကြပါ။ သား...ဒီ တောကြို တောင်ကြားမှာ မနေချင်တော့ဘူး။ သားကို အမြန် လာကယ် ပေးကြပါဗျာ။

အစွမ်းကုန် အာခေါင်ခြစ် အော်နေမိသည်။

ထိုအခါတွင် ဈာန်ဘုန်းနိုင်၏ နောက်မှ ဖြတ်ပြေးလာသော လူရိပ်တစ်ခု...။

အသက် ငါးနှစ်အရွယ် ကလေးငယ်သည် ရွှင်ပျစွာ တခစ်ခစ် ရယ်ကာ ဖေဖေနှင့် မေမေ့ဆီကို ပြေးလာပြီး လက်နှစ်ဖက် ကမ်းပေးနေသော ဖေဖေ့ လက်ထဲကို ပြေးဝင်လာ၏။ ကလေးသည် ဝဝကစ်ကစ် လေးဖြစ်ကာ လယ်ခွဲ ဆံပင်နက်နှင့် ဖြစ်သည်။

ဧကန်သည် ဤကလေးက ဈာန်ဘုန်းနိုင်၏ ငယ်ဘဝပင်။

ဖေဖေသည် ကလေးကိုမ, မြှောက်တက် သွားအောင် ပွေ့ချီကာ ဂုတ်ပေါ်တင်ပြီး သုံးယောက်သားသည် ဈာန်ဘုန်းနိုင်ကို ကျောခိုင်းကာ လှည့်ထွက် သွားလေသည်။

"မေမေ၊ ဖေဖေတို့ မသွားကြပါနဲ့။ သားကို လာခေါ်ပါအုံး၊ မေမေ..."

"နောင်ကြီး၊ နောင်ကြီး..."

အသံသည် အဝေး တစ်နေရာမှ လာနေသလို၊ ဂူထဲကအသံလို ပဲ့တင်ထပ်ကာ ဝိုးတဝါးသာ ကြားနေရသည်။

မျက်လုံးကို အားယူ ဖွင့်ကြည့် နေသော်လည်း မျက်ခွံ တစ်ခုလုံးသည် အပ်နှင့် ချိတ်ပိတ် ချုပ်ထားခံရသလို ဖွင့်၍ လုံးဝမရပေ။ နောက်ဆုံး အမှောင်ထုထဲ ဗြုန်းခနဲ ထပ်ပြီး ကျရောက် သွားရပြန်သည်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now