Arc 11.12

3.6K 540 19
                                        


စိတ်ငြိမ်အေးချမ်းတဲ့ပုံပေါက်အောင် Xi Rui အတော်လေး အားထုတ်လိုက်ရတယ်။ အခုချိန်မှာ နောင်တရပြီး ကြောက်ရွံ့နေတဲ့ပုံပေါက်လေ ရှယ်ယာရှင်တွေက သူ့ကို ဥက္ကဌနေရာနဲ့ မထိုက်တန်ဘူးလို့ ထင်လိမ့်မယ်။

"ဒီနေ့က အစည်းအဝေးလုပ်ရမယ့်နေ့မဟုတ်ပါဘူး။ အခုလို စုဝေးရတဲ့ ရည်ရွယ်ချက်က ဘာများလဲ?" ဘယ်သူကမှ စကားစ မပြောကြတဲ့အတွက် Xi Rui ကပဲ စပြောလိုက်တယ်။

"သိသိကြီးနဲ့ မမေးပါနဲ့ ဥက္ကဌ" ရှယ်ယာရှင်တစ်ဦးက Xi Rui ကို ပြောလိုက်တယ် "ကုမ္ပဏီရဲ့ လက်ရှိအခြေအနေကို ကျွန်တော်တို့အားလုံး မသိဘူးမှတ်နေလား? ကျွန်တော်တို့ ရောက်လာတဲ့အကြောင်းအရင်းကို ခင်ဗျားက ပိုပြီး ရှင်းရှင်းလင်းလင်း သိသင့်တာ မဟုတ်ဘူးလား?"

Xi Rui မျက်နှာက အနည်းငယ် အိုးတိုးအမ်းတမ်းဖြစ်သွားပြီးနောက် ချောင်းဟန့်ပြီး လည်ချောင်းရှင်းလိုက်တယ် "ကုမ္ပဏီရဲ့ မကြာသေးခင်က ထုတ်တဲ့ ဂိမ်းက ပြဿနာနည်းနည်းရှိနေတာဆိုပေမယ့် ဒါက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ အစီအစဉ်တွေဆွဲတုန်းက အခက်အခဲတွေရှိခဲ့တယ်ဆိုတာ သေချာတယ်။ ဒီလိုအခိုက်တန့်မှာ ကျွန်တော်တို့ စည်းလုံးလေ ဒီအခက်အခဲကြီးကို ကျော်လွှားနိုင်လေပါပဲ"

"ကျွန်တော်တို့သိရသလောက် ဖြစ်လာတဲ့ပြဿနာမှန်သမျှက ဥက္ကဌရဲ့ ဆိုးဝါးလှတဲ့ အကဲဖြတ်မှုကြောင့်ပဲ။ စည်းလုံးညီညွတ်စွာနဲ့ ကျော်လွှားလို့တယ်ဆိုတဲ့ ဥက္ကဌရဲ့ ဆန္ဒအရ ဒါကို ဖြေရှင်းဖို့ အဖြေရှိတယ်လို့ ထင်ပါသလား?"

"အဖြေရဖို့အတွက် အားလုံး အတူအကွလုပ်ဆောင်ရမှာပါ။ တကယ်လို့ ခင်ဗျားတို့မှာ အကြံကောင်းတွေရှိရင်လည်း အကြံပြုလို့ရပါတယ်။ အတူတူစဉ်းစားကြမယ်ဆို နည်းလမ်းကတော့ အမြဲရှိမှာပါ" Xi Rui ပြောလိုက်တယ်။

"ဥက္ကဌကသာ တခြားသူတွေ တင်ပြတဲ့အကြံဉာဏ်တွေကို လက်ခံခဲ့မယ်ဆိုရင် အခုပြဿနာတွေက ဖြစ်လာမှာမဟုတ်ဘူးလို့ ထင်တယ်။ ကုမ္ပဏီရဲ့အနာဂတ်နဲ့ တိုးတက်မှုက အသေးအဖွဲကိစ္စမဟုတ်ဘူးနော်။ ခင်ဗျားမှာ အရည်အချင်းရှိလို့ ခင်ဗျားညွှန်ကြားချက်အောက်ကနေ လိုက်လုပ်ရတာက ပြဿနာမရှိဘူး။ ဒါပေမယ့် ကိုယ်တိုင်လည်း ဆုံးဖြတ်ချက်မချနိုင်ဘဲ သူများပေးတဲ့အကြံတွေကိုကျ ပယ်ချငြင်းဆန်နေမယ်ဆိုရင်တော့ အဓိကဆုံးဖြတ်ချက် ချတဲ့နေရာနဲ့ ခင်ဗျားက မသင့်လျော်တော့ဘူးလေ"

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Where stories live. Discover now