အပိုင်း(၁) Unicode

2.1K 156 6
                                    

ခန်အင်ပါယာ​၏ ဒုတိယမင်းဆက်။

မာဟာခန်​၏ သားတော် ဧကရာဇ်ဆူရာခန်လက်ထက်။

နန်းတော်​၏ မြောက်ဘက်ယွန်းယွန်းမှာရှိသည့် စစ်ရေးလေ့ကျင့်ကွင်းကြီးတွင် သံချပ်ကာဝတ်စစ်သည်များစီစီရီရီ တန်းစီမတ်တပ်ရပ်လို့နေသည်။

လေ့ကျင့်ကွင်း​၏အရှေ့ဘက်ရှိ စင်မြင့်ခုံများအလယ် တွင် သက်တော် ၅၀ ခန့်ရှိပြီဖြစ်သော ဆူရာခန် ထိုင်လို့နေသည်။သူ​၏ လက်ဝဲဘက်တွင် မိဖုရားခေါင်ကြီးထိုင်နေတာဖြစ်ပြီး သူ​၏လက်ယာဘက်တွင်တော့ တစ်ဦးတည်းသောရင်နှစ်သည်းချာ အိမ်ရှေ့စံမင်းသမီး နာရာခန် ထိုင်လို့နေတာဖြစ်သည်။

ထိုစင်မြင့်တွင် အဆင့်အတန်းလိုက်ထိုင်ကြရသည်ဖြစ်ရာ ဧကရာဇ်​၏မိသားစုဝင်များပြီးလျှင် ဆာမူရိုင်းအဖွဲ့အစည်း​၏ ခေါင်းဆောင်ဖြစ်သော ရှောင်းဟာရုထိုင်လို့နေတာဖြစ်ပြီး ကျန်သည့်ထိုင်ခုံများတွင်တော့ နန်းတွင်းမူးကြီးမတ်ရာများ အဆင့်ဆင့်ထိုင်နေကြတာဖြစ်သည်။

"ရှောင်းကျန့်...အရှေ့ကိုထွက်လာခဲ့ပါ..."

လေ့ကျင့်ကွင်းထဲ မတ်တပ်ရပ်နေကြသည့် သံချပ်ကာဝတ် စစ်သည်များ​၏အရှေ့ဆုံးမှာရှိနေသော ရှောင်းကျန့်သည် အခမ်းအနားမှူး​၏ ခေါ်ဆိုလိုက်သံကြောင့် အရှေ့သို့လျှောက်လှမ်းလာခဲ့သည်။ ထူးခြားစွာ နန်းတွင်းစစ်သည်များလိုသံချပ်ကာမဝတ်ထားဘဲ သူ့အဖွဲ့အစည်း​၏ ဆာမူရိုင်းဝတ်စုံကိုသာ ဝတ်ထားသည့် ရှောင်းကျန့်က အားလုံးအမြင်မှာတစ်မျိုးတော့ဆန်းလှသည်။

တည်ကြည်နေသောမျက်နှာထားပိုင်ရှင် ရှောင်းကျန့်ဟာ ခါးကိုဖြောင့်မတ်နေအောင်ထားကာ တစ်လှမ်းချင်း မာန်ပါစွာလျှောက်လို့လာရင်း ဧကရာဇ် ထိုင်နေရာ စင်မြင့်အောက်ခြေရင်းသို့ ရောက်လာသည့်အခါတွင်တော့ သူ့ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

သူရှိရာသို့ဆင်းလာသည့် ဧကရာဇ် ဆူရာခန်ကို ငြိမ်သက်စွာစောင့်စားနေခိုက် မည်သည့်အရပ်ကိုမှ မျက်လုံးများရောက်နေခြင်းမရှိ။ စူးရှထက်မြက်သည့် မျက်ဝန်းတို့က အရှေ့တည့်တည့်ကိုသာရှူသည်။ မကျဉ်းမကျယ်နှဖူး၊ ရိုးတံမြင့်မြင့်နှာတံ၊ တိကျပြတ်သားလှသော မေးရိုး၊ တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးတို့ကို ပို၍သွေးကြွစေသည့် မဟူရာရောင်ဆံနွယ်ရှည်တို့က လေတစ်ချက်အဝေ့မှာ တလွင့်လွင့်။

Bamboo ForestWhere stories live. Discover now