နန်းတွင်းစစ်သည်များနဲ့ ဆာမူရိုင်းတို့ကို လက်နက်ခဲယမ်းများနှင့်ကျွမ်းဝင်မှုရှိအောင် ပြသလေ့ကျင့်ပေးလို့နေသည့်နင်ဂျာများထဲမှ တစ်ဦးက ဝမ်ရိပေါ်ကိုလှမ်းမေးလိုက်သည်။
"ကိစ္စတစ်ခုခုရှိနေလို့လား..."
"ဘာဖြစ်လို့လဲ..."
"မျက်နှာက ခါတိုင်းထက် သိသိသာသာကြည်နေလို့..."
ဝမ်ရိပေါ်သူ့မျက်ခုံးထောင့်ကို လက်ညိုးနဲ့ကုတ်လိုက်သည်။ဒီတိုင်းပါပဲလို့ပြောလိုက်ပေမယ့် သူကိုယ်တိုင်မသိလိုက်မိမှာပင် ပြုံးတော့ပြုံးမိသွားသည်။ပြန်စတွေ့ကတည်းက အကန်စကားတွေနဲ့ပဲဆက်ဆံနေခဲ့သည့်လူနဲ့ နည်းနည်းပြန်သင့်မြတ်လာသည့်အခြေအနေကိုကျေနပ်မိတာတော့ငြင်းလို့မရ။ထို့ကြောင့်ကျေနပ်ခြင်းတွေက ရင်ထဲတွင်မကတော့ဘဲ မျက်နှာထိတောင်လာထင်ဟပ်နေတာဖြစ်လိမ့်မည်။
"လုပ်စရာရှိရင် စောစောပြန်နားလိုက်တော့လေ..."
"ရတယ်...လေ့ကျင့်ရေးပြီးမှပေါ့..."
"ကျွန်တော်တို့ဒီမှာဆက်ရှိနေပေးပါမယ် စောစောပြန်နားလိုက်ပါ...ခေါင်းဆောင်ကိုကြည့်ရတာ တစ်နေရာရာကို သွားစရာရှိနေတဲ့ပုံ..."
နေတောင်မစောင်းသေးသော်လည်း လေ့ကျင့်ရေးကွင်းထဲမှ အစောကြီးထွက်လာခဲ့သည့် ဝမ်ရိပေါ်က သူ့အဆောင်ရှိရာကို အမြန်ဆုံးပြန်လျှောက်လာခဲ့သည်။အဆောင်ကို ပြန်ရောက်ချင်းပင် ခဏမျှသာအနားယူလိုက်ပြီးနောက် ရေစိမ်ကန်ထဲ အချိန်အကြာကြီးယူ၍ ကိုယ်လက်သန့်စင်လိုက်သည်။
အိပ်ရာတစ်ခုတည်းမှာအတူတူအိပ်ဖူးတာပထမဦးဆုံးအကြိမ်မဟုတ်ပေမယ့် လူကပဲလောနေတာလား၊ စိတ်ကပဲစောနေတာလားတော့မသိ။ ညအမှောင်ရောက်သည်အထိ သူစောင့်ဆိုင်းနိုင်ခြင်းမရှိတော့တာအသေအချာ။ ထို့ကြောင့် အဆောင်တံခါးကို အသင့်ဖွင့်လို့ထားပြီး တံခါးဝနှင့်တန်းနေသည့် ထိုင်ခုံတွင်ထိုင်လိုက်၍ ကောင်းကင်ထက်ကြယ်တွေထွက်လာမည့် အချိန်ကို စောင့်ဆိုင်းလို့နေမိသည်။
လောနေမိမှန်းတော့သိပေမယ့် ကြယ်တွေထွက်မလာသေးတာကိုပင် တိမ်ညိုတွေကြောင့်လို့အပြစ်တင်လိုက်မိသေး၏။ကြယ်တွေပေါ်မလာရင်နေ၊ လကထင်ထင်ရှားရှားထွက်ပေါ်လို့လာပြီဖြစ်၍ ည၏ပြယုဂ်ပီပြင်လာသည့်အခါ အချိန်ဆွဲမနေတော့ဘဲ အဆောင်တွင်းမှထွက်ခဲ့လိုက်တော့သည်။
YOU ARE READING
Bamboo Forest
Fanfictionအာဃာတနဲ့မေတ္တာ၊ ဦးနှောက်နဲ့ နှလုံးသား။ တိုင်းပြည်နဲ့လူမျိုး ၊ တာဝန်နဲ့ဝတ္တရား။ ဘယ်ကိုဆက်လျှောက် လမ်းပျောက်နေတဲ့အခါ... ဤနေရာမှာခြေစုံရပ်လို့။ အနောက်သို့... တစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း။ Cover Photo Crd: