မွန်းတည့်နေက ခေါင်မိုးတည့်တည့်။ ကျစ်ကျစ်တောက်အပူချိန်များကဝါးဖြင့်ပြုလုပ်ထားသည့်ခေါင်မိုးအားတကြွပ်ကြွပ်ရုန်းကြွစေ၏။
အမိုးအကာအောက်မှာလုံလုံခြုံခြုံရှိနေလျှက်ပင် အပြင်ဘက်ကအပူရှိန်ကြောင့် ဝမ်ရိပေါ်တစ်ကိုယ်လုံးချွေးစီးများကပ်ညိလို့နေသည်။ဘေးတစ်စောင်းအနေအထားဖြင့် လှုပ်မရ၊ ပြုမရအခြေအနေ။
ရင်ခွင်ထဲမြုပ်နေသူ၏ ကိုယ်ထက်မှ ခြုံစောင်ကိုပုခုံးသားတို့ပေါ်လွင်သည်အထိဝမ်ရိပေါ်ဆွဲချလိုက်၏။ ပူအိုက်လွန်းသည့်ရာသီဥတုကြောင့် သူ့နည်းတူ ချွေးစီးများထွက်နေသူ၏ ဗလာကျင်းပုခုံးသားတို့ထက်အနမ်းဖွဖွငုံ့ပေးလိုက်တော့ ချွေးနဲ့ပြန်ပြီးအေးနေသည့် ခန္ဓာကိုယ်၏အထိအတွေ့တို့က အေးစက်စက်။
ခြုံစောင်ကို ဝမ်ရိပေါ်ထပ်ဆွဲချပေးလိုက်ပြီးနောက် ကျောပြင်တို့ထက်ကပ်ညိနေသည့်ချွေးစတို့ကို စောင်နဲ့သုတ်ပေးလိုက်သည်။ ချွေးစီးများနှင့်ကြာကြာနေရင် ရင်ခွင်ထဲကသူ အအေးပတ်မှာစိုးတာကြောင့်လည်တိုင်တစ်ဝိုက်ရှိချွေးစက်များကိုလည်း လက်နဲ့အသာသပ်ပေးရင်း...
"မထသေးဘူးလား..."
ရင်ခွင်ထဲကသူက ဘာမှပြန်မဖြေလာ။ပို၍ပင်တိုးကပ်လာ၏။ ရင်ဘတ်ကိုလာရောက်ကျီစားသည့်မျက်တောင်စိပ်စိပ်တို့၏တဖျတ်ဖျတ်အထိအတွေ့များကိုခံစားနေရတာကြာပြီဖြစ်တာကြောင့် နိုးနေမှန်းသိသည်။နိုးနေမှန်းသိပေမယ့် ဘာကြောင့် သူ့ရင်ခွင်နဲ့မျက်နှာကိုအသည်းအသန်ကပ်ထားမှန်းတော့မသိ။မသိမသာဆွဲထုတ်ကြည့်ရင်လည်း အတင်းအကြပ်ကို ပြန်၍တွယ်ကပ်ထားတာဖြစ်၏။
အမှတ်အသားတချို့ဖြင့်နီထွေးလို့နေသည့် ပုခုံးသားထက်သို့လက်ဖဝါးဖြင့်ဝမ်ရိပေါ်ထပ်မံပွတ်သပ်ပေးရင်း...
"ချွေးတွေနဲ့အအေးပြန်ပတ်လိမ့်မယ် ရေမိုးချိုးစားသောက်ပြီးမှပြန်အိပ် အစာအရမ်းလွန်သွားရင်မကောင်းဘူး..."
ရင်ခွင်ထဲကလူကို ဝမ်ရိပေါ် ခပ်ဆတ်ဆတ်လေးဆွဲခွာလိုက်ပြန်တော့ ကြိုးစားမှုကအချည်းနှီးပင်။
YOU ARE READING
Bamboo Forest
Fanfictionအာဃာတနဲ့မေတ္တာ၊ ဦးနှောက်နဲ့ နှလုံးသား။ တိုင်းပြည်နဲ့လူမျိုး ၊ တာဝန်နဲ့ဝတ္တရား။ ဘယ်ကိုဆက်လျှောက် လမ်းပျောက်နေတဲ့အခါ... ဤနေရာမှာခြေစုံရပ်လို့။ အနောက်သို့... တစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း။ Cover Photo Crd: