"ဂရုစိုက်နော် သားငယ်..."
"ပြန်လာမယ့် နေ့ရက်တွေကို ရေတွက်ပြီးစောင့်နေမယ်နော်..."
"အိုတိုးစံက သူရဲကောင်းကြီးသွားလုပ်မှာပေါ့နော်..."
နောက်နှစ်ရက်ဆိုရင် ရှေ့တန်းထွက်ရတော့မည်ဖြစ်တာကြောင့် ရှေ့တန်းစာရင်းတွင်ပါဝင်သောနန်းတွင်းစစ်သည်များနှင့် ဆာမူရိုင်းတို့၏ မိသားစုဝင်များကို နန်းရင်ပြင်၌ လာရောက်တွေ့ဆုံခွင့်ပေးထားခြင်းဖြစ်သည်။
အမေအိုတို့က တိုက်ပွဲဝင်မည့်သားငယ်တို့အတွက် စိုးရိမ်ပူပန်ကြသလို ဇနီး မယားတို့ကလည်း ချစ်သူခင်ပွန်းတို့အတွက် မှာတမ်းခြွေကြ၏။သားသမီးတို့သည် လည်း ဖခင်ဖြစ်သူတို့ကို အင်ပါယာအားကာကွယ်ပေးမည့်သူရဲကောင်းကြီးများအဖြစ်ဂုဏ်ယူဝင့်ကြွားကြသည်။
မျက်ဝန်းထဲ၌ မသေချာခြင်း၊ မရေရာခြင်း၊ ခွဲခွာခြင်း စသည်ပုံရိပ်တို့ဖော်ကျူးလို့နေကြပေမယ့် မျက်နှာထက်၌မူ အပြုံးပန်းတို့ကိုသာဆင်မြန်းထားကြသည်။အားလျော့စေမည့်စကားတို့ကိုတစ်ခွန်းမှမဆိုကြ၊ မပြောကြသလို နောက်ဆံတင်းစေမည့် အပြုအမူတို့ကိုလည်း တစ်ခုမှ မဖော်ပြကြ။ ခွန်အားဖြစ်စေမည့်စကားတို့ကိုသာဆို၍၊ အားတက်စေမည့် အပြုမူတို့ကိုသာပြုမူကြသည်။
စစ်ရေးစစ်ရာချင်းယှဉ်ပြိုင်ရသည်သာမက၊ ကံကိုယှဉ်သည့် ပွဲလည်းဖြစ်၍ ကံကောင်းစေမည့်အဆောင်လက်ဖွဲ့လေးများကိုလည်း မိသားစုဝင်တို့က ပြုလုပ်လာပေးကြသည်။တချို့ကလည်း နှုတ်ဆက်လက်ဆောင်လေးများပေးအပ်ကြ၏။ "စောင့်နေမယ်"ဆိုသည့်စကားနှင့်အတူ ယုံကြည်ခြင်းများကိုလည်း အချင်းချင်းဖလှယ်ကြသည်။ထိုသို့ပုံစံအမျိုးမျိုးသောမေတ္တာတရားတွေကို ဖော်ကျူးလို့နေကြသည့် မြင်ကွင်းသည် ဝမ်းသာ၊ ဝမ်းနည်းဖွယ်ရာလည်းဖြစ်ပြန်၏။
တခြားလူများနည်းတူ ဝမ်ရိပေါ်သည်လည်း သူ့မိသားစုကဲ့သို့သတ်မှတ်ထားသည့် ဟာရာရှီကို အခေါ်ပါးလို့ထားတာကြောင့် ဟာရာရှီလည်း နန်းတွင်းထဲသို့ရောက်ရှိနေသည်။ တစ်ညလုံးခရီးနှင်လာသည့် ဟာရာရှီက အနားပင်မယူတော့ဘဲ ဝမ်ရိပေါ်ဆီသို့ တန်းလာခဲ့သည်ဖြစ်ရာ မွန်းတည့်ချိန်မရောက်ခင် ဝမ်ရိပေါ်ရှိရာသို့ရောက်လာခဲ့တာဖြစ်သည်။
YOU ARE READING
Bamboo Forest
Fanfictionအာဃာတနဲ့မေတ္တာ၊ ဦးနှောက်နဲ့ နှလုံးသား။ တိုင်းပြည်နဲ့လူမျိုး ၊ တာဝန်နဲ့ဝတ္တရား။ ဘယ်ကိုဆက်လျှောက် လမ်းပျောက်နေတဲ့အခါ... ဤနေရာမှာခြေစုံရပ်လို့။ အနောက်သို့... တစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း။ Cover Photo Crd: