အပိုင်း(၄၃) Unicode

1.2K 165 21
                                    

"ခင်ဗျားတို့နှစ်ယောက်ရယ်...ကျုပ်ရယ် သုံးယောက်တည်းစကားပြောချင်တယ်..."

ဧကရာဇ်နှင့် ရှောင်းအကြီးအကဲကို "ခင်ဗျား"ဟု ရင့်သီးစွာတပ်ခေါ်လိုက်သည့် ဝမ်ရိပေါ်ကြောင့်နန်းတွင်းစစ်သည်များမခံနိုင်ဖြစ်ကာ ကြားဖြတ်ဟန့်တားလိုက်သည်။ သို့သော် သူတို့​၏ ဧကရာဇ်ကိုယ်တိုင်က လက်ကာပြလိုက်တာကြောင့်စစ်သည်များလည်း နောက်ဆုတ်လို့သွားကြသည်။

ဆူရာခန်က ဝမ်ရိပေါ်ကို ကြည့်ပြီး...

"ဒီနေ့လာရတဲ့ အကြောင်းပြချက်က ဘာလဲ..."

"သုံးယောက်ဆိုင်ပြီးမှ ပြောကြတာပေါ့..."

ဆူရာခန်က သိပ်မယုံကြည်ချင်တာကြောင့် ရှောင်းဟာရုကို တိုင်ပင်သည့် သဘောမျိုးဖြင့်လှမ်းကြည့်လိုက်သည်။ ရှောင်းဟာရုကလည်း ဝမ်ရိပေါ်ကို သေချာအကဲခတ်နေတာဖြစ်သည်။ ဝမ်ရိပေါ်​၏ ရည်ရွယ်ချက်အမှန်ကဘာလဲဆိုတာကို မျက်ဝန်းများမှတစ်ဆင့်သိရအောင် အကဲခတ်လို့နေပေမယ့် မည်သည့်တစ်စုံတစ်ရာကိုမှဖော်မထုတ်နိုင်။ထို့ကြောင့် ဝမ်ရိပေါ်​၏ တောင်းဆိုချက်ကို ခေါင်းညိတ်ပြလိုက်ပြီး...

"အင်ပါယာအရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းမယ့် ကိစ္စလို့ပဲ မျှော်လင့်တယ်..."

"ပြောကြည့်မှ သိမှာပေါ့...ဒီတိုင်းမတ်တပ်ရပ်နေကြရုံနဲ့ ဘာမှ မဖြစ်လာဘူး..."

ဧကရာဇ် နန်းဆောင်နှင့် ကပ်လျက်ရှိနေသော သီးသန့်အဆောင်ရှေ့တွင် နန်းတွင်းစစ်သည်များက ဝမ်ရိပေါ်​၏ ခန္ဓာကိုယ်အနှံ့စစ်ဆေးရှာဖွေလို့နေသည်။ သုံးယောက်တည်းသာ သီးသန့်ပြောဆိုကြမည်ဖြစ်တာကြောင့် ဧကရာဇ်​၏ လုံခြုံရေးနဲ့ပတ်သက်ပြီး တင်းကြပ်နေကြတာဖြစ်သည်။ အကြွင်းမဲ့ယုံကြည်လို့ ရသည့်သူများမဟုတ်တာကြောင့် ဝမ်ရိပေါ်​၏ကိုယ်ထက် လက်နက်များ ပါမပါ သေချာစွာစစ်ဆေးပြီးမှ အထဲကို ဝင်ခွင့်ပြုလိုက်သည်။

စစ်ဆေးခံပြီးသည့် ဝမ်ရိပေါ်က သူနဲ့အတူပါလာသည့် နင်ဂျာတစ်ဦး​၏ လက်ထဲမှ စာရွက်လိပ်ကို လက်လွှဲယူကာ သီးသန့်ဆောင်အတွင်းသို့ဝင်ရောက်လို့လာခဲ့သည်။ စားပွဲခုံရှည်ဝိုင်းတွင် သုံးယောက်စာ ထိုင်ခုံသုံးလုံးက အကျအနရှိနေတာဖြစ်ပြီး လွတ်နေသည့် နေရာတွင် ဝမ်ရိပေါ် ဝင်ထိုင်ကာ ဆူရာခန်နှင့် ရှောင်းဟာရုကို မျက်နှာချင်းဆိုင်လိုက်သည်။

Bamboo ForestWhere stories live. Discover now