အပိုင်း(၂၄) Unicode

1.1K 160 14
                                    

"နေသာရဲ့လား ရှောင်းကျန့်..."

"အင်း..."

"မထနဲ့လေ...သက်တောင့်သက်သာနေပါ..."

နာရာခန်ရောက်လာပြီး သတင်းလာမေးတာကြောင့် သတိရလာပြီဖြစ်သော ရှောင်းကျန့်က လှဲနေရာမှထထိုင်ဖို့ပြင်လိုက်လျှင်ပဲ နာရာခန်က တားမြစ်လိုက်သည်။

"နာရာ မနေ့ညတုန်းက ရောက်လာသေးတယ်...ရှောင်းကျန့် သတိမရသေးတာနဲ့ ဒီတိုင်းလေးကြည့်ပြီး ပြန်ထွက်သွားတာ..."

နန်းတွင်းအလုပ်သမားယူလာပေးသည့် ဆေးရည်ခွက်ကိုနာရာခန်လက်ပြောင်းယူလိုက်ပြီး ရှောင်းကျန့်အိပ်ရာအစွန်း၌ ဝင်ထိုင်လိုက်၍...

"ဆေးသောက်လိုက်ပါဦးရှောင်းကျန့်..."

နာရာခန်ကမ်းပေးသော ဆေးခွက်ကို ရှောင်းကျန့်ယူကာ တစ်ခါတည်းမော့လိုက်သည်။

"နာရာ့ကို အလုပ်ရှုပ်စေမိပြီ..."

"မဟုတ်တာပဲ ရှောင်းကျန့်ရယ်...နာရာ့ကို အသက်နဲ့ရင်းပြီးကာကွယ်ပေးခဲ့တာနဲ့ ယှဉ်ရင် နာရာလုပ်ပေးတာက ဘာမှမပြောပလောက်ပါဘူး..."

ရှောင်းကျန့်ဆေးသောက်ပြီးသွားသောအခါ နာရာခန်က ဆေးခွက်လေးကို ဘေးတွင်ချထားလိုက်ပြီး ရှောင်းကျန့်​၏ မျက်နှာကို တွေတွေလေးစိုက်ကြည့်သည်။

သေလုနီးပါးဝေဒနာခံစားခဲ့ရတာတောင် ခန့်ငြားမှုတစိုးတစိပျောက်ကွယ်သွားခြင်းမရှိတဲ့မျက်နှာဟာ ဘယ်သူ့ရင်ကိုမဆို လှုပ်ခတ်နိုင်မှာ။ သမာဓိအားတွေဘယ်လောက်ပဲကောင်းတယ်ဆိုလည်း ဆံနွယ်နက်မှောင်မှောင် ၊မျက်ခုံးသွယ်သွယ်တွေအောက်မှာ ဘယ်သူကပြေးလွတ်မှာလဲ။

လူမှားခဲ့သည်ဖြစ်စေ၊ လူမမှားခဲ့သည်ဖြစ်စေ အမြဲတမ်းလိုလိုတင်းတင်းစေ့ထားတတ်တဲ့ နှုတ်ခမ်းပါးတွေကို ထိတွေ့မိလိုက်တဲ့လူတွေက နက်ရှိုင်းလွန်းတဲ့ မျက်ဝန်းနက်နက်တွေထဲ စုံးစုံးမြုပ်သွားခဲ့တယ်ထင်ပါရဲ့။ မျက်ဝန်းနက်တွေထဲက လွတ်မြောက်ဖို့ကြိုးစားစေဦးတော့ ဖြောင့်ဆင်းနေတဲ့ နှာတံက ဟန့်တားလို့ထားပြန်မှာပေါ့။

လူတစ်ယောက်ဟာဒီလောက်ပြည့်စုံစရာလိုလို့လား။ အဆင်းရော၊ အချင်းရော၊ စိတ်ဓာတ်ရော။ ဖန်ဆင်းရှင်ကနည်းနည်းတော့ဘက်လ်ိုက်ခဲ့သည်သာ။

Bamboo ForestWhere stories live. Discover now