အလင်းရောင်အလုံအလောက်မရှိသည့် အမှုစစ်အခန်းတွင်း၌ ရေကျသံတစ်ခုသည် တတောက်တောက်မြည်နေသည်။ ခေါင်မိုး ထုပ်တန်း၌ချိတ်ဆွဲထားသော အပေါက်ပါသည့်ရေပုံးငယ်အတွင်းမှ ရေစက်တို့သည် ထိုရေပုံးအောက်တည့်တည့် သစ်သားထိုင်ခုံတွင်ထိုင်နေသော လူ၏ ဦးခေါင်းပေါ်သို့တစက်စက်ကျဆင်းနေခြင်းဖြစ်သည်။
တစ်စက်ချင်းကျဆင်းနေသည့်ရေများသည် အချိန်တိုအတွင်းသိပ်မသိသာလှသော်လည်း အချိန်ကြာလာသည့်အခါ ဦးခေါင်းခွံကို ချွန်ထက်လှသော ဓားဖျားဖြင့် ထိုးစိုက်သကဲ့သို့သော ကျိန်းစပ်နာကျင်မှုကို ပေးစွမ်းလို့နေသည်။ထိုသို့ခေါင်းပေါ်သို့ရေတစ်စက်ချင်းကျစေသည့် နှိပ်စက်နည်းသည် အနုနည်းဖြင့်ဖြည်းဖြည်းချင်းညှင်းသည့် နည်းလမ်းကောင်းတစ်ခုဖြစ်၏။
"ဖြောင်း...! "
မျက်နှာပေါ်သို့ကျရောက်လာသည့် ရိုက်နှက်မှုတစ်ချက်သည် ပြင်းထန်လွန်းလှသော်လည်းထိုသူ့ထံမှ အသံတစ်ချက်မှမထွက်လာ။ တစ်ကိုယ်လုံးလည်း ရိုက်နှက်ခံထားရမှုကြောင့် အရှိုးရာများပလပွဖြစ်နေသည့်တိုင် အမှုစစ်တို့ကြားလိုသည့် အဖြေတစ်စုံတစ်ရာကိုထုတ်ဖော်လာခြင်းမရှိ။
"မင်းတို့ရဲ့ အချိတ်အဆက်တွေက ဘယ်မှာလဲ..."
တော်ဝင်မင်္ဂလာပွဲနေ့၌ ဖမ်းဆီးရမိလာသည့် လုပ်ကြံသူ နင်ဂျာကို ရှောင်းဟာရုကိုယ်တိုင် စစ်ဆေးနေသည်မှာ သုံးရက်မြောက်နေ့သို့ရောက်ရှိလာပြီဖြစ်သည်။
သူမှတ်သားသိရှိရသလောက် နင်ဂျာတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်ဖို့သာ ကြည့်တတ်သောလူများဖြစ်ကြ၏။ ဤကဲ့သို့ အဖွဲ့အစည်းအတွက်စွန့်လွှတ်အနစ်နာခံတတ်သူများမဟုတ်။အခုတော့နည်းမျိုးစုံသုံးကာ ဖော်ထုတ်နေသော်လည်း တစ်ဖက်ကအင်မတန်နှုတ်လုံနေသည့်အခါ မည်သည့်အကြောင်းအရာတစ်ခုမှ မသိရ။ ယုတ်ယွအဆုံးသဲလွန်စ တစ်ခုပင်ရရှိလာခြင်းမရှိ။
"ရှောင်းအကြီးအကဲ..."
ရှောင်းဟာရုအမှုစစ်နေရင်း သူ့ဘေးရောက်လာသည့် စစ်သည်တစ်ယောက်ကိုလှည့်ကြည့်လိုက်သည်။
YOU ARE READING
Bamboo Forest
Fanfictionအာဃာတနဲ့မေတ္တာ၊ ဦးနှောက်နဲ့ နှလုံးသား။ တိုင်းပြည်နဲ့လူမျိုး ၊ တာဝန်နဲ့ဝတ္တရား။ ဘယ်ကိုဆက်လျှောက် လမ်းပျောက်နေတဲ့အခါ... ဤနေရာမှာခြေစုံရပ်လို့။ အနောက်သို့... တစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း။ Cover Photo Crd: