ကောင်းကင်ထက် လရောင်မရှိ မှောင်မိုက်လို့နေသည့် အချိန်၌ ဝါးအိမ်လေး၏အပြင်ဘက်တွင်ရှောင်းကျန့်တစ်ယောက်တည်းမတ်တပ်ရပ်နေသည်မှာ ကြာမြင့်လို့နေပြီဖြစ်သည်။ သူ၏လက်ထဲ၌ အဖုံးဖွင့်လို့ထားပြီးပြီဖြစ်သော ဆာကေးအိုးတစ်လုံးကိုလည်းကိုင်ဆွဲထားတာဖြစ်ပြီး စိတ်ကိုပြင်ဆင်လို့နေ၏။
သူရောက်လာခဲ့သည့် နေ့မှစလို့ ဒီနေ့နဲ့ဆိုကိုးရက်ရှိပြီဖြစ်၏။ အခုထက်ထိ အခြေအနေများကပြောင်းလဲတိုးတက်လာခြင်းမရှိသလို ပို၍ပင်ဆုတ်ယုတ်လာသည် ။စိတ်ပြေမည့်အချိန်ထိ စိတ်ရှည်စွာစောင့်စားနိုင်ပါသော်လည်း အခုရက်ပိုင်းမှပို၍ဆိုးစွာရင်ဆိုင်နေရသောလျစ်လျူရှုမှုတို့ကြောင့် စိတ်ထဲမွန်းကြပ်လို့လာရသည်။
ကိုးရက်ဆိုတဲ့အချိန်က ဘာမှမပြောပလောက်သော်လည်း လျစ်လျူရှုခံရသူအတွက်တော့ ကိုးသက်လောက်ကြာသည်။ထို့ကြောင့်ဥပေက္ခာဆိုတာ အသွားတုံးသည့်ဓားတစ်လက်လို ထိုးလိုက်ရင်တစ်ချက်တည်းမသေနိုင်ဘဲ တရိပ်ရိပ်နဲ့အသက်ကိုဖြည်းဖြည်းချင်းခြွေယူတတ်တာဖြစ်သည်။
ထို့သို့ ကာရံထားသည့်ဥပေက္ခာတံတိုင်းကိုဖြိုချဖို့သူ့ဘက်ကစပြီးခြေတစ်လှမ်းတိုးရမည်ဖြစ်သည်။ ခြေတစ်လှမ်းတိုးဖို့ရာ၌လည်း ရဲဆေးတင်ဖို့လိုအပ်သည်။ လူအများ၏ဆိုမှတ်အတိုင်း သေရည်ဆိုသည်မှာရဲဆေးဖြစ်သည့်အလျောက်သူ့အတွက်လည်း အကျိုးထိရောက်မှုရှိလိမ့်မည်ဟုယုံကြည်ထားမိသည်။ထို့ကြောင့်ဟင်းချက်ဖို့ပစ္စည်းများမွှေနှောက်ရင်း စင်တစ်ခုပေါ်မှာအမှတ်မထင်တွေ့ခဲ့ရသော ဆာကေးအိုးကိုသူဖွက်ယူထားမိတာဖြစ်၏။
ရှောင်းကျန့် ပင့်သက်တစ်ချက်ရှိုက်ကာအသက်အောင့်လိုက်၏။ မျက်လုံးကိုစုံမှိတ်ပြီး ဆာကေးအိုး၏အဝကိုနှုတ်ခမ်းဖြင့်ထိလိုက်သည်။ အရသာခံအာရုံကိုလာရောက်ထိတွေ့နေပြီဖြစ်သည့် ဆာကေးတစ်ငုံကို မြိုချလိုက်သည့်အခါ ပြင်းရှရှအရသာတို့က လည်ချောင်းတစ်လျှောက်ဆင်းသက်သွား၏။
မကြိုက်သည့်အရသာ၊ မနှစ်သက်သည့်ရနံ့ဖြစ်၍ နောက်ထပ်တစ်ငုံထပ်သောက်ဖို့ ရှောင်းကျန့်ဆုံးဖြတ်ရခက်သွားသည်။ သို့သော်လည်း စိတ်ကိုတင်း၍ အသက်ကိုအောင့်ပြီးထပ်သောက်ဖို့ပြင်လိုက်စဉ် ဆာကေးအိုးသည် လက်ထဲမှလွတ်ကျသွား၏။ အမှောင်ယံမှာကျက်စားနေသည့် ညဇီးကွက်တစ်ကောင်သည် မှောင်ကြီးမည်းကြီးထဲမှာ ဖြောင့်တန်းစွာမတ်တပ်ရပ်နေသည့်ရှောင်းကျန့်ကို သစ်ပင်ထင်၍မတော်တဆ ဖြတ်တိုက်လို့သွားခြင်းဖြစ်မည်။
YOU ARE READING
Bamboo Forest
Fanfictionအာဃာတနဲ့မေတ္တာ၊ ဦးနှောက်နဲ့ နှလုံးသား။ တိုင်းပြည်နဲ့လူမျိုး ၊ တာဝန်နဲ့ဝတ္တရား။ ဘယ်ကိုဆက်လျှောက် လမ်းပျောက်နေတဲ့အခါ... ဤနေရာမှာခြေစုံရပ်လို့။ အနောက်သို့... တစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း။ Cover Photo Crd: