အပိုင်း(၃၈) Zawgyi

182 19 4
                                    

တောလိုက်ထွက်ခဲ့ကြသည့် နင်ဂျာများမှာ ကျွမ်းကျင်သူများဖြစ်တာကြောင့် နေမဝင်ခင်မှာပင် ဖမ်းဆီးရမိခဲ့သော တောကောင်များသည်မနည်းမနောဖြစ်သည်။ကိုယ်ဖမ်းလို့ရခဲ့သည့် တောကောင်များကို သယ်လာကြရင်း မျက်နှာများထက်၌ ဂုဏ်ယူဝင့်ကြွားမှုအပြည့်။

နေရပ်ကိုပြန်ရောက်လာကြသည့်အခါ နေရောင်ပျောက်ပြီးညရောက်နေပြီဖြစ်တာကြောင့် တောကောင်များအား အကြမ်းဖျင်းသဘော အရေခွံစုတ်၍ကျပ်ခိုးတင်ပြီးတစ်ညသိပ်ထားကြသည်။

မနက်ရောက်သည့် အခါမှ အလုပ်အကိုင်လုပ်ပေးကြသူများနှင့် စုံလင်လွန်းစွာ ဝန်းကြီးတစ်ခုအတွင်း၌ လူများရုန်းရုန်းစုစုဖြစ်နေကြသည်။ နှစ်စဉ်ကျင်းပလေ့ရှိသော ဆောင်းရာသီပွဲတော်သည် မကြာခင်ရောက်ရှိလာတော့မည်ဖြစ်၍ ပြင်ဆင်စရာရှိတာများကို အခုကတည်းက ကြိုတင်ပြင်ဆင်ထားကြခြင်းဖြစ်​၏။

ညက ကျပ်ခိုးတင်ထားသည့် ဆတ်၊ ဒရယ်၊ တောဝက် စသည့်သားကောင်များကို အသားများညီညီညာညာဖြတ်ပြီး အခြောက်လှမ်းဖို့ ပြင်ဆင်သူများက တစ်စု၊ အသားများဆေးကြောဖို့ ရေခပ်သည့် တာဝန်ယူကြသည့်လူများကတစ်စု၊ အေးသောရာသီဥတုကို အံတုဖို့ မီးပုံဖိုပေးကြသူများကတစ်စု၊ အလုပ်အကိုင်လုပ်ပေးသူများကို ကျွေးမွေးဖို့ အစားအသောက်ပိုင်းတာဝန်ယူသူများက တစ်စုဖြင့် ကိုယ့်တာဝန်ကိုယ် မျှမျှတတ ခွဲယူဆောင်ရွက်နေကြတာဖြစ်သည်။

ထို့ကြောင့် အစားအသောက်များချက်ပြုတ်နေသောနေရာ၌ ဝါးကျည်တောက်များဖြင့် ချက်ပြုတ်ထားသော ဟင်းလျာများ၊ ဆာဆာရာအရွက်ခြောက်လေးများ ခပ်ထားသော ရေနွေးကြမ်းများ၊ ငှက်ပျောဖက်များနှင့် ထည့်ပေါင်းထားသော အဆာပြေအချိုပွဲရနံ့လေးများက သင်းပျံ့နေလွန်းတာဖြစ်သည်။

"တောက်...တောက်...တောက်..."

ရှောင်းကျန့်ရောက်ရှိနေရာ ဝိုင်းတွင် မျှစ်များကို ဓားဖြင့်လှီးဖြတ်နေကြသည့် တတောက်တောက်အသံလေးများညံနေ​၏။ တစ်ဝိုင်းလုံး၌ ရှောင်းကျန့်တစ်ဦးတည်းယောကျာ်းလေးဖြစ်ပြီး ကျန်သူများကတော့ သက်ကြီးပိုင်းအမျိုးသမီးများဖြစ်ကြ​၏။

Bamboo ForestWhere stories live. Discover now