သုံးလကြာပြီးနောက်...
နေ့ရက်များသည် ပုံမှန်အတိုင်းလည်ပတ်နေ၏။သို့သော်ဒီနေ့တွင်တော့ တစ်မူထူးသည်။
နန်းတော်၏အဝင်တံခါးသည် ဖွင့်ထားလျက်ရှိပြီး လူငယ်အရွယ်မှသည်၊ သက်ကြီးပိုင်းအထိလူများအလျှိုလျှိုဝင်ရောက်လို့နေ၏။ သူတို့၏ကျောထက်၌ အဝတ်လွယ်အိတ်လေးများလွယ်ထားကြပြီးလက်ထဲတွင်မူ စာရွက်များ စုတ်တံများကိုင်လို့ထားကြ၏။
နန်းတော်တံခါးမှတစ်ဆင့်ဝင်လာသည့် ထိုသူများသည် နန်းတွင်းထဲအထိလျှောက်လို့လာကာ နန်းရင်ပြင်တွင်ခင်းကျင်းထားသော စားပွဲခုံများ၌နေရာယူ၏။ လူတစ်ယောက်ကို တစ်ခုံနှုန်းသီးသန့်ထိုင်ရတာဖြစ်ပြီး ခုံတစ်ခုနှင့် တစ်ခုသည် အနည်းငယ်အလှမ်းကွာဝေး၏။
ယနေ့ဟာ နန်းတွင်း စာဆိုခန့်အပ်မည့် ပြိုင်ပွဲနေ့ပင်ဖြစ်သည်။ပြိုင်ပွဲဝင်သူများသည် ကဗျာဆိုလျှင်ကဗျာ၊ စာတိုဆိုလျှင်စာတို၊ ဇာတ်လမ်းတိုစသည့် မိမိပိုင်နိုင်အားသန်သည့်အမျိုးအစားဖြင့်ယှဉ်ပြိုင်နိုင်ခြင်းဖြစ်သည်။
နန်းတွင်းက ဦးစီးကျင်းပသည့်အခမ်းအနားဖြစ်သော်လည်း ဧကရာဇ်ဆူရာခန်ကတော့ကြွမြန်းလာခြင်းမရှိ။ စစ်မက်ရေးရာအခမ်းအနားတို့ကိုသာသဘောတွေ့တတ်သော ဧကရာဇ်သည် ထိုသို့သောအနုပညာစာပေအခမ်းအနားတို့ကိုမူ သမီးတော်ဖြစ်သူမင်းသမီးနာရာခန်ကိုသာ ဦးစီးခိုင်းတာကြောင့် နှစ်စဉ်နာရာခန်၏တာဝန်တစ်ခုလိုဖြစ်လာသည်။
နန်းရင်ပြင်စင်မြင့်အလယ်တွင် နာရာခန်က ပြိုင်ပွဲဝင်သူများဘက်သို့ မျက်နှာချင်းဆိုင်၍ထိုင်နေသည်။ အလှမ်းဝေးနေသော်ငြား ပြိုင်ပွဲဝင်တို့အနေဖြင့် နာရာခန်ကို ရှင်းရှင်းလင်းလင်းမြင်ရသည်။ နာရာခန်၏ ဘေးဘီဝဲရာတွင် အကဲဖြတ် ပညာရှိအမတ်ကြီးများထိုင်နေတာဖြစ်ပြီး နာရာခန်၏ခုံအနောက်တွင်တော့ ရှောင်းကျန့်က ထပ်ကြပ်မကွာမတ်တပ်ရပ်နေတာဖြစ်သည်။
နန်းရင်ပြင်၌ ပြိုင်ပွဲဝင်များစုံနေပြီဖြစ်ရာ အခမ်းအနားမှူးက အခမ်းအနားဖွင့်ကြောင်းစတင်ကြေညာပြီး ပြိုင်ပွဲဝင်တို့အနေဖြင့် မိမိတို့ပြင်ဆင်လာခဲ့သော အရာများကို မင်းသမီး၏ ရှေ့တော်မှောက်တွင် ဖတ်ပြရမည်ဖြစ်ပြီး အကဲဖြတ်ပညာရှိကြီးများ၏အစစ်ဆေးခံကြရမည်ဖြစ်သည်။
YOU ARE READING
Bamboo Forest
Fanfictionအာဃာတနဲ့မေတ္တာ၊ ဦးနှောက်နဲ့ နှလုံးသား။ တိုင်းပြည်နဲ့လူမျိုး ၊ တာဝန်နဲ့ဝတ္တရား။ ဘယ်ကိုဆက်လျှောက် လမ်းပျောက်နေတဲ့အခါ... ဤနေရာမှာခြေစုံရပ်လို့။ အနောက်သို့... တစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း။ Cover Photo Crd: