"ဒဏ်ရာနက်တဲ့လူတွေကို ဒီဘက်တွဲခေါ်လာခဲဲ့ကြ..."
ညနေ ညီအစ်ကို မသိတသိ အချိန်ရောက်လာပြီဖြစ်၍ အင်အားစမ်းသည့် တိုက်ပွဲငယ်တစ်ခုကို ရပ်နားလိုက်ကြပြီးနောက် ရှေ့တန်းအခြေစိုက်စခန်း၏ အနောက်ဘက်ရှိကုသဆောင်တွင် လူများခြေချင်းရှုပ်လို့နေသည်။
ဒဏ်ရာရ စစ်သည်များထဲတွင် အထိပိုနာကြသူများမှာ ရန်သူနဲ့တိုက်ရိုက်တိုက်ခိုက်ရသည့် နန်းတွင်းစစ်သည်များနှင့် ဆာမူရိုင်းတို့ဖြစ်ပြီး၊ နင်ဂျာတို့ဘက်မှလည်း အနည်းအကျဉ်းပါဝင်သည်။
နာကျင်မှုကြောင့် ညည်းညူသံများ၊ အမိကိုတသံများ၊သားသမီးကိုတသံများ၊ အိမ်သူသက်ထားတို့ကို တသံများ စသည့်အသံမျိုးစုံပြန့်လွင့်နေသလို အချင်းချင်းအားပေးစကားသံတို့ကလည်း ပေါ်လွင်နေသည်။ ပေါ်လွင်နေသည့် ထိုအသံမျိုးမျိုးထဲမှ စစ်သည်အားလုံး၏ အင်ပါယာနဲ့ လူမျိုးအပေါ်ထားသည့် ဇောဖြင့် မာန်တင်းသံများကပို၍ ထင်ရှားလို့နေတော့သည်။
"ဒီလူကို အရင်ကြည့်ပေးပါ...သွေးတွေအရမ်းထွက်နေတယ်..."
ကုသဆောင်ထဲသို့ ရှောင်းကျန့်ရောက်ရှိလာကာ လူတစ်ယောက်ကို တွဲလာပြီး သမားတော်များကိုခေါ်လိုက်သည်။ ရှောင်းကျန့်တွဲခေါ်လာသည့်လူမှာ သူဦးဆောင်သည့် တပ်ခွဲမှစစ်သည်တစ်ဦးဖြစ်ပြီး ခုနကတိုက်ပွဲအတွင်း ဝမ်းဗိုက်နေရာကို လက်နက်ခဲယမ်းထိမှန်ခဲ့သူဖြစ်၏။ ဝမ်းဗိုက်တစ်လျှောက် သွေးတို့က ရေတံခွန်အလား စီးကျနေတာဖြစ်ပြီး လျှောက်လှမ်းနေသော ခြေထောက်များပေါ်၌ တတောက်တောက်ကျလျက် ခြင်းခြင်းနီလို့နေပြီဖြစ်သည်။
"ဒီဘက်မှာ ချလိုက်..."
သမားတော်တို့က ဒဏ်ရာပြင်းသည့်လူများကို ဦးစားပေးကုသပေးတာကြောင့် ရှောင်းကျန့်လက်ထဲမှ လူကို သစ်သားအခင်းတစ်ခုပေါ်တွင်လှဲစေလိုက်သည်။ပထမဦးဆုံးအနေဖြင့် သွေးများတရဟောစီးဆင်းနေမှုကို တားလိုတာကြောင့် ကုသဆောင်ထဲမှာ တွေ့သမျှ အဝတ်စများကိုတစ်လွှာချင်းထပ်ကာ ဒဏ်ရာပေါ်သို့ဖိထားကြ၏။တစ်ခဏလေးတွင်းမှာပင် စိုရွှဲလို့သွားသည့် အဝတ်စများသည် ဆုံးရှုံးနေသည့်သွေးပမာဏများကို ဖော်ပြလို့နေသည်။
YOU ARE READING
Bamboo Forest
Fanfictionအာဃာတနဲ့မေတ္တာ၊ ဦးနှောက်နဲ့ နှလုံးသား။ တိုင်းပြည်နဲ့လူမျိုး ၊ တာဝန်နဲ့ဝတ္တရား။ ဘယ်ကိုဆက်လျှောက် လမ်းပျောက်နေတဲ့အခါ... ဤနေရာမှာခြေစုံရပ်လို့။ အနောက်သို့... တစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း။ Cover Photo Crd: