Arc.10.12
1.1K 195 2
လက်ရှိတွင် ပိုင်အိမ်တော်သည် ယခင်နှစ်များကဲ့သို့ အိမ်တော်ထိန်းနှင့်အစေခံသာ ရှိသည့် ခြောက်သွေ့ နေသော အိမ်မဟုတ်ပေ ။ အကြောင်းအရင်းမှာ ပိုင်လင်သည် အပြင်တွင် မနေတော့ဘဲ အိမ်တော်သို့ ရွေ့ ပြောင်းလာပြီဖြစ်သောကြောင့်ပင် ။ ဒါ့အပြင် သူတို့က အထိမ်းအမှတ်ပွဲတစ်ခုပင် ကျင်းပလိုက်သေးသည် ။
ကုမိသားစု သတင်းအား အလုံးစုံသိထားသည့် သူများက ဤ ပိုင်သခင်လေးသည် ကုမိသားစုအား တစ်ခုခု ပြန်လည်တုန့်ပြန်ဖို့ ပြုလုပ်သည့်ပွဲဟု မှတ်ယူထားကြကာ ပွဲကြီးပွဲကောင်းကြည့်ရန် လာကြသည် ။ သို့သော် ကန့်သတ်ချက်များကြောင့် လာနိုင်သူမှာ ပေါသောမနေပါချေ။
ပိုင်မိသားစုသည် ယခင်ကထက် အရှိန်အဝါလျော့ကျသွားသော်လည်း သေခါနီးကုလားအုတ်က မြင်းထက်တော့ ကြီးနေသေးသည်ဆိုသည့်အတိုင်း ပေါ့သေးသေး မှတ်ယူလို့ မရပါချေ ။
" မင်း .. ဘာလုပ်ဖို့ ကြံနေတာလဲ " ကုကျင်းဟန်သည် အဝတ်အစားအား ကျကျနနပြင်နေသည့် ပိုင်လင်အား မျက်မှောင်ကြုတ်ကာ ကြည့်လျက်မေးလိုက်သည် ။
ယခုတွင် ပိုင်လင်သည် အခါတိုင်း ဝတ်လေ့ရှိသည့် မှုန်မှိုင်းမှိုင်း မီးခိုရောင်ဝတ်စုံအစား ကောင်းမွန်သည့် နက်ပြာရောင် အနောက်တိုင်းဝတ်စုံကို သေချာစွာ ဝတ်ဆင်ထားသည် ။ ရင်ဘတ်ပေါ်က သေးငယ်သည့် ငွေရောင် သစ်ခက်လေးက ကြည့်ကောင်းစွာ ရှိနေသည် ။ ရိုးရှင်းစွာ ကျက်သရေရှိပြီး လျို့ဝှက်စွာ ဆွဲဆောင်နိုင်သည် ။ 
ပိုင်လင်သည် မျက်လုံးအသာဝေ့လိုက်ကာ တံခါးဝတွင် ရပ်နေသည့် ကုကျင်းဟန်အား ကြည့်လိုက်သည် ။ သူက ထိုသူထံလျှောက်သွားလိုက်သည် ။ ကုကျင်းဟန်သည် မသိစိတ်မှ အလိုလျောက် နောက်ဆုတ်လိုက်မိသည် ။
" မလုပ်နဲ့ "
အမိန့်ဆန်ဆန်အသံကြောင့် သူက တောင့်တင်းစွာ ရပ်လိုက်ရသည် ။ စကားနာခံရမည်ဟု ပိုင်လင်နှင့် သဘောတူစဉ်က မဖြစ်နိုင်သည့် အရာများ တောင်းဆိုမည်ကို စိုးရိမ်ခဲ့သော်လည်း ပိုင်လင်ထံမှ ရသည့် စကားများက  " မလုပ်နဲ့ " " ထွက်သွား "  ဆိုသည့် စကားနှစ်ခွန်းသာဖြစ်သည် ။