1

15.5K 439 6
                                    


........   ......….

''မိုင်းနောင်မြို့  မှ  လှိုက်လှဲစွာ ကြိုဆိုပါ၏''

ရှမ်းပြည်နယ် မြေပုံဖြင့်  ပြည်နယ်ကိုယ်စားပြု အရောင်သုံးရောင်အား ခြယ်သကာ အချိုးကျကျ ပြုလုပ်ထုဆစ်ထားသော
မြို့အဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ်။ တငြိမ့်ငြိမ့် မောင်းနှင်ကာ မြို့အတွင်းဝင်လာသော Proboxအမျိုးအစား ခရီးတင်ယာဉ်ငယ်လေးတစ်စင်း။

ဟူး~~~~ သက်ပြင်းလေးချကာ ရင်ဘတ်တွင်း၌တင်းကြပ်နေသော လေပူများအားမှုတ်ထုတ်မိ၏။  ထွန်းလမင်းသာ ဘေးခုံတွင် ထိုင်သော အမေဖြစ်သူအား လှည့်ကြည့်လိုက်သည်။ အမေသည် ကားပြတင်းမှတဆင့် ကားလမ်းဘေးတလျှောက် တောင်ယာ ပြောင်းခင်းကြီးများအား မျက်တောင် မခက်  လိုက်ကြည့်နေ၏။

ကျွန်တော် ကြည့်နေမှန်းသိလို့ ထင်ပါရဲ့။ အမေက ကျွန်တော့်ဘက် လှည့်လာပါသည်။ ပြီးတော့ အမေ့ မူပိုင်အပြုံး လူတကာရင်အေး‌ေစနိုင်သော ပါးချိုင့်လေးနှင့် ရယ်လိုက်တိုင်း ပေါ်လာသော သွားတက်ဟုမခေါ်ဆိုနိုင်သော အစွယ်လေးဖြင့် ။

ပြုံးပြကာ ‌ကျွန်တော် ဦးခေါင်းအား လာပွတ်၍

''ပင်ပန်းနေပြီလား သာသာလေး  ရောက်ပြီနော် သား''

''ဟုတ် အမေ''

အမေ့အား ပြန်ပြုံးပြကာ အပြင်ရှူခင်းစီ အကြည့်ပို့ လိုက်သည်။ မြို့ဝင်ဆိုင်းဘုတ်ကို ကျော်ဖြတ် လာပြီး ၃မိနစ်အကြာလောက်တွင် နားကန်းကျေးရွာအုပ်စု နားလင်လိုင်ကျေးရွာ ဟူသော သွပ်ပြားအပေါ် စာရေးထားသော ဆိုင်းဘုတ်အစိမ်းရောင်လေးအား ထပ်မြင်ရပြန်၏။ ဆိုင်းဘုတ်ဘေးတွေ မြေနီလမ်းကြီးကြီး တစ်ခုကို မြင်ရပြ‌ီး ကျွန်တော်တို့ စီးလာသော ကားလေးက ထိုလမ်းအတိုင်း ကွေ့ဝင်ကာ မြေနီလမ်းတလျှောက် မောင်းပြန်၏။ ရွာလမ်းဟာ ကျွဲ ၊နွား သွားထားသော ဒဏ်ကြောင့် ချိုင့်ခွက်များဖြင့် မညီမညာဖြစ်နေပြီးမောင်းလာသော ကားလေးမှာလဲ ယိမ်းယိုင်ကာ နေ၏။
ရှမ်းတိုင်းရင်းသား အများစုနေထိုင်ကြသော ရွာလေး ဖြစ်သည်မို့ ရှမ်းပြည်ဓလေ့ ရှေ့အဖီကြီးကြီး ထုတ်ကာ ဝရံတာဟု မဆိုနိုင်သော အိမ်ရှေ့ပြင်ကျယ်ကျယ်နှင့် ဝါးထရံကာ အိမ် တော်တော်များများကို
ရွာထဲဝင်ပြီးမကြာ ဟိုတစ်စု ဒီတစ်စု တွေ့ရ၏။ အိမ်အောက်ဘက်တွင် ကျွဲများမွေးတတ်တာကြောင့် တချို့အိမ်များဟာခြေတံရှည်အိမ်များ ဖြစ်ကြ၏။ ကျွန်တော်တို့ကားလေးဝင်လာ‌တာမို့ ကလေးတချို့  ကားနောက်ပြေးလိုက်ကာ ကလေးသဘာဝအတိုင်း လိုက်စပ်စုကြသေးသည်။ ထူးဆန်းတာ တစ်ခု ‌တွေ့ရတာသည် ကလေး လူကြီးမရွေး လက်ထဲတွင် ဝါးအချို့ဖြင့် ခပ်ရှည်ရှည် ဘူးပုံစံ ။ ကျွန်တော်တို့အခေါ် ရိုးရိုးရှင်းရှင်းပြောရရင် ကွမ်းအစ်ပုံစံကို လက်က ကျွမ်းကျင်ပိုင်နိုင်စွာ ဆော့ကစားနေသလို ရစ်ခွေနေကြတာပင်။ လက်ကအနားမပေးသလို မျက်လုံးတွေကလဲ ကျွန်တော်တို့ကားစီမှာသာ။ တော်တော့်ကို ကျွမ်းကျင်အဆင့်ပါပဲ။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now