မေကုန်းချင်

992 94 0
                                    

Chapter 9:

မိုးခေါင်ရေရှားမှု(၁)

အဖိုးစွင်းက ထိုလူအား ပြန်မဖြေနိုင်ခင်မှာပင် ချန်ရုံက ထထိုင်လိုက်၍ နိုးကြားသည့်အသံဖြင့် ပြောလိုက်သည်။

"ကျွန်မ နိုးနေပါတယ်..."

"ကောင်းတယ်...ကောင်းတယ်..."

တစ်ဖက်လူက ပျော်ရွှင်သောအသံဖြင့်ပြောလိုက်သည်။

ချန်ရုံ၏ ရထားလုံးသည် ရွေ့လျားစပြု၍ မကြာမီတွင် လှည်းယာဉ်တန်း၏ အရှေ့သို့ရောက်သွားသည်။ ထိုအချိန်၌ ဝတ်ရုံနှင့် ဆံပင်ကို သပ်ရပ်အောင်ပြုပြင်ပြီးဖြစ်သော ချန်ရုံသည် ရထားလုံး၏ လိုက်ကာကို ဖွင့်ဟလိုက်သည်။

ဝမ်အိမ်တော်မှ ရထားလုံးများသည် လမ်းပေါ်၌ စီတန်းထားကြသည်။ ချန်ရုံ၏ ရထားလုံးက သူတို့နားသို့ရောက်လာသည်ကို မြင်သောအခါ ချန်ရုံ၏ဘက်သို့ အားလုံးပြိုင်တူနီးပါး လှည့်ကြည့်လိုက်ကြသည်။

ချန်ရုံက ထိုလူများ၏ အကြည့်ကို သူမ၏ တောက်ပသောမျက်လုံးများဖြင့် ရင်ဆိုင်လိုက်သည်။

ချန်ရုံ၏ အကြည့်ကိုခံလိုက်ရသည့် လူတော်တော်များများက ချန်ရုံကိုရင်မဆိုင်ရဲသည့်ပုံဖြင့် အကြည့်များလွှဲသွားကြသည်။ ချန်ရုံအား လှောင်ပြောင်ခဲ့သောမိန်းကလေးကိုတော့ အရိပ်အယောင်ပင်မတွေ့ရချေ။

ချန်ရုံ၏ ရထားလုံးသည် ဝမ်ကျော၏ ရထားလုံးနားသို့ မောင်းသွားလိုက်သည်။

ရထားလုံးနားသို့ မရောက်ခင်တွင်ပင် ဝမ်ကျော၏ ရယ်မောသံကထွက်ပေါ်လာသည်။

"အားရုံလား...လာ လာ ဒီနားကိုလာခဲ့...မင်းရဲ့ ဦးရီးတော်နဲ့ စကားလာပြောလှည့်ပါဦး..."

ဝမ်ကျော၏အသံက အလွန်ပင် နူးညံ့ကြင်နာနေသည်။

"ဟုတ်ကဲ့..."

ချန်ရုံက အရိုအသေပေး၍ ပြန်ပြောလိုက်သည်။

ဝမ်ကျောသည် သူ၏ရထားလုံးမှ လိုက်ကာများကို မထားပြီးဖြစ်သည်။ သူသည် ရထားလုံးထဲ၌ ထိုင်နေ၍ စူးရှသောမျက်လုံးအစုံဖြင့် ချန်ရုံအားကြည့်နေ၍ ချန်ရုံက ပြန်ကြည့်လိုက်သောအခါ သက်ပြင်းကြီးစွာ ချလိုက်သည်။

မေကုန်းချင်Where stories live. Discover now