မေကုန်းချင်

498 45 1
                                    

Chapter 90

ဝါးပြွန်ထဲတွင်ရေများဖြည့်ထားပြီး ချန်ရုံမှာ ထိုရေများဖြင့် မျက်နှာသစ်ပြီး ပါးလုပ်ကျင်းပစ်လိုက်၏။

ဝါးပြွန်အား လွှင့်ပစ်လိုက်ချိန်တွင် အနက်ရောင်ဝတ်စုံအား ခြုံလွှမ်းထားသည့်ဝမ်ဟုန်က လက်ကိုနောက်ပစ်လျက် တောအုပ်ထဲတွင် လျှောက်လှမ်းသွားလာနေသည်အား ချန်ရုံတွေ့လိုက်ရသည်။လေနုအေးက သူ၏ဆံသားများထဲမှ ဖြတ်သန်းတိုက်ခတ်နေရုံသာမက ချောမောသောမျက်နှာထက်သို့လည်း ဝေ့ဝိုက်သွားသေးသည်။

ထိုသူအား တွေ့လိုက်ရချိန်တိုင်းတွင် ထူးဆန်းထွေလာကမ္ဘာတစ်ခုသို့ရောက်ရှိသွားသလို ခံစားရလေ၏။ဤလူတွင် တစ်ပါးသူအား သိမ်ငယ်စေလောက်သော အမူအကျင့်ကောင်းများရှိသည်။

ချန်ရုံမှာ ထိုနေရာမှ အကြည့်လွှဲလိုက်ပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။သူမက ခေါင်းကို အနည်းငယ် စောင်းကာ အဖိုးစွင်းအား ခပ်တိုးတိုးလေသံဖြင့် မေးလိုက်လေ၏။

" အဖိုးစွင်း ... ကျွန်မက ဝမ်ချီလန်ရဲ့ လှည်းပေါ်မှာ ရှိနေခဲ့တာ မဟုတ်ဘူးလား "

“ ဟုတ်ပါတယ် ...တပ်မှူးစွင်းက သခင်မလေးကို ပြန်ခေါ်လာခဲ့တာပါ ” 

ချန်ရုံ၏မျက်နှာမှာ ဖြူရာမှနီမြန်းသွားပြီး နီမြန်းနေရာမှ ပြန်လည် ဖြူဖပ်ဖြူလျော်ဖြစ်သွားခဲ့သည်။အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့ပြီးနောက်တွင် သူမ ရုတ်တရက် " ဒါက စွင်းယန်ဆိုလိုချင်နေတဲ့ အဓိပ္ပါယ်ပေါ့ " ဟုရေရွတ်လိုက်၏။ထို့နောက်တွင် ချန်ရုံက ကန့်လန့်ကာစအား ဆွဲဖယ်ပြီး စွင်းယန်ရှိရာဆီသို့ ဦးတည်သွားခဲ့သည်။

ထိုအချိန်တွင်  စွင်းယန်မှာ တပ်မှူးငယ်တစ်ဦးနှင့် စကားပြောနေခဲ့ပြီး ချန်ရုံအားမြင်သောအခါတွင် သူက တစ်ဖက်လူအား လက်ဟန်ခြေဟန်ပြ၍ ရှောင်တိမ်းစေသည်။ယင်းနောက်တွင် တပ်မှူးစွင်းက ချန်ရုံရှိရာဆီသို့ ဦးတည်လာခဲ့၏။

"ကျေးဇူးတင်ပါတယ် တပ်မှူးစွင်း ..."

ချန်ရုံ၏လှတပတမျက်နှာကလေးတွင် နေရထိုင်ရခက်မှုတို့ ခိုအောင်းနေသည်။စွင်းယန်က သူမအား အချိန်အတော်ကြာစိုက်ကြည့်နေပြီးနောက် " ဝမ်ဟုန့်ကို အဲ့လောက်ကို သဘောကျတာလား " ဟုမေးမြန်းလာလေ၏။

မေကုန်းချင်Onde histórias criam vida. Descubra agora