မေကုန်းချင်

666 43 0
                                    

Chapter 62

လွတ်မြောက်ခြင်း

အပြင်မှ ဝမ်ဟုန်၏ ဩရှရှရယ်သံက မင်းသား၏မေးခွန်းကိုဖြေလိုက်သည်။

"ကျွန်ုပ် ဒီကို ပြန်ရောက်ရောက်ချင်းမှာပဲ အရှင်မင်းသားရဲ့အိမ်တော်မှာ အလှလေးတွေများစွာ ဖူးပွင့်နေတယ်လို့ သတင်းကြားခဲ့ရပါတယ်...ကျွန်ုပ်ကိုယ်တိုင်လည်း လှပတဲ့ မိန်းမပျိုလေးတွေ အနည်းငယ်ကို ခေါ်လာခဲ့ပါသေးတယ်..."

ပြောရင်းဖြင့် ဝမ်ဟုန်သည် ခန်းမဆောင်၏ တံခါးပေါက်နားသို့ရောက်ရှိလာသည်။ ဝမ်ဟုန်က တံခါးမှနေ၍ အတွင်းမှ မိန်းမပျို‌များကို လှမ်းကြည့်လိုက်ရာ မိန်းမပျိုလေးများကလည်း ဝမ်ဟုန်၏ စိတ်ဝင်စားမှုကို ရရှိသောကြောင့် ခပ်ညုညုလေး ပြန်ပြုံးပြနေကြသည်။ ဝမ်ဟုန်ကပြုံးလိုက်သည့်အခါ ကြယ်ရောင်အောက်တွင် ဝမ်ဟုန်၏မျက်လုံးများက သလင်းကျောက်ကဲ့သို့ တောက်ပနေလေသည်။

ချန်ရုံသည် ခေါင်းကိုမော့၍ ဝမ်ဟုန်အား ကူကယ်ရာမဲ့သော အကြည့်ဖြင့် လှမ်းကြည့်လိုက်မိသည်။

ဂီတပညာရှင်များကြား၌ ရပ်နေသော ချန်ရုံသည် ထင်ထင်ရှားရှားဖြစ်နေသောကြောင့် တစ်ချက်လှမ်းကြည့်လိုက်ရုံဖြင့် ဝမ်ဟုန်သည် ချန်ရုံ့အား သတိထားမိသွားသည်။

ချန်ရုံသည် ဝမ်ဟုန်နှင့် မျက်နှာချင်းဆိုင်၍ ရပ်နေရင်းဖြင့် မျက်ရည်များဝဲလာမိသည်။

ဝမ်ဟုန်သည် ချန်ရုံ့အား ကြာမြင့်စွာ စိုက်ကြည့်နေပြီးမှ တစ်ဖက်သို့လှည့်၍ နန်ယန်မင်းသားနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

ထိုအချိန်၌ မင်းသားကလည်း သူ၏ မှုန်မှိုင်း၍ ဖောင်းအစ်သောမျက်လုံးများဖြင့် ဝမ်ဟုန်အား အကဲခတ်နေလေသည်။ ကြည့်ရင်းဖြင့် မင်းသား၏မျက်နှာက အနည်းငယ်မဲ့သွားသည်။

"ဝမ်ချီလန်က ဒီများပြားလှတဲ့ မိန်းမပျိုလေးတွေကြားထဲက တစ်ယောက်သောမိန်းကလေးအတွက်ပဲ လာခဲ့တယ်လို့ ကိုယ်တော်ထင်မိတယ်..."

မင်းသားက တမင်ရည်ရွယ်ထားသောစကားများကို ပြောလိုက်သည်။

ဝမ်ဟုန်က ရယ်လိုက်သည်။ ထို့နောက် မင်းသား၏အမေးကို ပြန်မဖြေပဲ အေးဆေးစွာပင် အနောက်သို့လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

မေကုန်းချင်Where stories live. Discover now