မေကုန်းချင်

833 56 0
                                    

Chapter 41

ရွှံ့နှင့်တိမ်

ဝမ်ဟုန်ရှိသည့်နေရာတိုင်းတွင် တည်ကြည်ခန့်ညားသောအမျိုးကောင်းသားတစ်ဦး၏အထင်ကြီးဖွယ်ရာလေထုက အမြဲလိုလိုဖုံးလွှမ်းနေလေ့ရှိသည်။

ထိုသို့ဖြစ်သဖြင့် ချန်ရုံမှာ အဆင့်အတန်းမြင့်မားသောလူ့အဖွဲ့အစည်းမှဆင်းသက်လာသူတစ်ဦး၏သာလွန်မှုကို ခံစားသိရှိနိုင်ရန်အတွက်နှင့် ယခုအခိုက်တွင် ခေါင်းမော့နေစရာမလိုအပ်ပေ။

ဝမ်ချီလန်က ကျောက်ရုပ်သဖွယ်ငြိမ်သက်နေသောချန်ရုံအားကြည့်လျက် ပြုံးရယ်နေသည်။ထို့နောက်သူက ကျောနောက်သို့ လက်ပစ်ထားလိုက်ပြီး ခေါင်းငိုက်စိုက်ချကာ ရေကန်ထဲသို့လှမ်းကြည့်လေ၏။

“ အခုလေးတင် မင်း ရေကန်ထဲ ခုန်ချဖို့ စဉ်းစားနေတာလား ”

“မဟုတ်ပါဘူး ... ဘဝဆိုတာ ဘုရားပေးတဲ့လက်ဆောင်ပါ ... သေခြင်းတရားကို မတွေးဝံ့ပါဘူး "

ထိုအခါ ချန်ရုံက ရုတ်ချည်းဆိုသလိုပင် မော့ကြည့်လာပြီး အကြောက်အကန်ငြင်းတော့သည်။

မြင့်မြတ်ကြည်လင်ပြီး အရာရာကိုသိရှိကြောင်းပြသနေသည့် လရောင်အောက်မှ ဝမ်ဟုန်၏မျက်ဝန်းများအား တွေ့လိုက်ရသောအခါတွင်မူ ချန်ရုံမှာ အလိုလိုပင် ခေါင်းပြန်ငုံ့မိသွားလေ၏။

ချန်ရုံက သူမ၏ညာဘက်လက်အား လက်သည်းများကြောင့် လက်ဖဝါးများ နာကျင်လာသည်အထိ တင်းတင်းကြပ်ကြပ်ဆုပ်ထားခဲ့ပြီး ထို့နောက်တွင်မူ ရေထဲသို့ စိုက်ကြည့်လျက် ဝမ်ဟုန်အစပျိုးသောစကားဝိုင်းအား ဆက်လက်ပြောကြားခဲ့သည်။

" စောစောက ရေပြင်ပေါ်မှာ ငယ်ရွယ်လှပတဲ့ ကျွန်မကိုယ်ကျွန်မ တွေ့လိုက်ရတယ် .... ဒါပေမဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ အဲ့ဒီပုံရိပ်က ရွတ်တွပြီ အိုမင်းသွားတယ် ...  မျက်စိမှားတာလားလို့ထင်ခဲ့တာ ... အဲ့ဒါကြောင့် ထိကြည့်ဖို့လုပ်လိုက်မိတာပါ "

နောက်ဆုံးတွင်မူ ချန်ရုံမှာ စိတ်ပြန်စုစည်းနိုင်ခဲ့ပြီး သူမက ဝမ်ဟုန်အား ရဲတင်းစွာမော့ကြည့်လိုက်လေ၏။

လရောင်အောက်မှဝမ်ဟုန်မှာ ဝတ်ရုံရှည်ကိုလွှားထားပြီး ခေါင်းစွပ်မြင့်နှင့် ခါးပတ်ပြားတို့ကို ဝတ်ဆင်ထားသည်။ သာမန်ဝတ်ရုံတစ်ခုသာဖြစ်သော်ငြားလည်း ဝမ်ဟုန်၏ကိုယ်ပေါ်သို့ရောက်သွားသောအခါ လရောင်လွှမ်းသောကျောက်စိမ်းသဖွယ် ကျက်သရေရှိလှ၏။

မေကုန်းချင်Onde as histórias ganham vida. Descobre agora