မေကုန်းချင်

564 42 0
                                    

Chapter 79

မပြေလည်မှုများရဲ့အလယ်

ချန်ဝေ့နှင့်အပေါင်းအပါများ၏စူးစမ်းလိုစိတ်အပြည့်ဖြစ်နေသောမျက်ဝန်းများအားဖြတ်ကျော်၍ ချန်ရုံကလှည်းလေးစင်းစာ စပါးများအား ဦးစီးဦးဆောင်ပြုလျက် ပြန်လည်သယ်ဆောင်လာခဲ့သည်။

အထဲသို့ရောက်သည်နှင့် သူမက အဖိုးစွင်းအားလှမ်းခေါ်လိုက်ပြီး လှည်းလေးစင်းစာ စပါးများအား ညွှန်ပြလျက် ဆိုလာခဲ့သည်။

"မနက်ဖြန်ဘာဖြစ်မယ်ဆိုတာကိုတောင် မသိနိုင်တဲ့အချိန်မျိုးမှာ တစ်လျှောက်လုံးကျွန်မနဲ့အတူရှိလာပေးတဲ့လူတွေကို ဘယ်လိုလုပ်ပြီးတော့ လက်ဗလာနဲ့ ထားခဲ့ရက်ပါ့မလဲ ... စပါးတွေကို အထိန်းတော်ဖျင်ဆီယူသွားပြီး ဘာလုပ်မလဲဆိုတာ သူ့ကိုဆုံးဖြတ်ခွင့်ပေးလိုက်ပါ ”

ချန်ရုံက ပြောပြောဆိုဆိုဖြင့် အဖိုးစွင်းအား မျက်စိတစ်ဖက်မှိတ်ပြလိုက်၏။

ဆိုလိုရင်းအား အသေအချာနားလည်သည့်အဖိုးစွင်းကလည်း သူ၏လက်နှစ်ဖက်အား ယှက်တွယ်ကိုင်ဆုပ်လာပြီး " ကောင်းပါပြီ " ဟု ခပ်ကျယ်ကျယ်ပြောလာခဲ့သည်။

ထို့နောက်တွင်အဖိုးစွင်းက ယခုလေးတင် အထိန်းတော်ဖျင်အား တွေ့ပြီးပြန်လာကြသည့်အစေခံများဘက်သို့လှည့်ကြည့်လျက် ဆိုလိုက်လေ၏။

" လာကြ ... လာကြ ... စပါးတွေကို ငါတို့လှည်းတွေပေါ်တင်မယ် ... နောက်ကျနေပြီ ... မြန်မြန်ပို့ဖို့လိုတယ် "

" ဟုတ်ကဲ့ပါ "

သခင်မလီ၏လှည်းပေါ်မှ စပါးများအားရွှေ့ပြောင်းပြီးသည်နှင့် လှည်းဘီးများက ပိုင်ရှင်အမှန်ရှိရာဆီသို့ တစ်ဖန်ပြန်လည်ထွက်ခွာသွားကြသည်။

ထိုသို့ထွက်ခွာသွားပြီးပြီးချင်းတွင်ပင် ချန်ဝေ့နှင့်ချန်ချမ်တို့နှစ်ဦးက ချန်ရုံ၏အနောက်၌ စုရုံးလာကြပြီး မေးမြန်းစပ်စုလေ၏။

" အားရုံ ... နင်ဘာတွေ ထပ်မွှေလိုက်ပြန်ပြီလဲ "

" ဘာမှ မမွှေပါဘူး ... " ချန်ရုံက ရိုးရှင်းစွာ ပြုံးရယ်လိုက်သည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ... အားရုံ ... နင်က ပိုပိုပြီး ရမ်းကားလာတာပဲ "

မေကုန်းချင်Where stories live. Discover now