မေကုန်းချင်

593 47 0
                                    

Chapter 72

နောက်တစ်နေ့သည်လည်း လျင်မြန်စွာကုန်ဆုံးသွားသည်။

ရန်မင်းပြန်ရောက်လာမှုနှင့်အတူ နန်ယန်တစ်မြို့လုံးသည် ပျော်ရွှင်မြူးတူးနေကြသည်။ ပင်မအိမ်တော်များက ဧည့်ခံပွဲများအလှည့်ကျလုပ်၍ ရန်မင်းအား အထူးဧည့်သည်တော်အဖြစ် ဖိတ်ခေါ်ကြသည်။

လူတော်တော်များများကတော့ ရန်မင်းက ဟန်လူမျိုးများဘက်၌ရှိနေသည်ဆိုသည်ကို မယုံကြသေးပေ။ သို့သော် အကယ်၍ ရန်မင်းက နန်ယန်အား တိုက်ခိုက်လာသည်ဆိုပါကလည်း သူတို့၏ ကြင်နာသဘောကောင်းမှုများကို သတိရ၍ အသက်ချမ်းသာပေးလိုပေးငြား မျှော်လင့်၍ ရန်မင်းအား ကောင်းကောင်းမွန်မွန်ဆက်ဆံနေကြခြင်းဖြစ်သည်။

တတိယမြောက်နေ့တွင် ချန်ရုံ၏ ခြံဝန်းထဲ၌ မိန်းကလေးများနှင့် ပြည့်နေပြန်လေသည်။

ထိုမိန်းကလေးများသည် အတော်ထူးဆန်းသည်ဟု ဆိုရပေမည်။ သူတို့သည် ချန်ရုံ့အား အလွန်မုန်းတီး၍ အမြဲတမ်း ချန်ရုံ့အား လှောင်ပြောင်နေကြသော်လည်း ချန်ရုံ၏အဆောင်တော်ဆီကိုတော့ လာရသည်ကိုကြိုက်နှစ်သက်ကြပုံရသည်။ ချန်ဝေ့၊ ချန်ချီနှင့် ချန်ချမ်တို့နှင့် စိတ်သဘောထားချင်းတူညီသောမိန်းကလေးများဆိုလျှင် ချန်ရုံနှင့်စကားပြောသည့်အခါတိုင်း မညှာမတာ လှောင်ပြောင်တတ်ကြလေသည်။

ယနေ့တွင်လည်း ချန်ရုံ၏ အဆောင်တော်ထဲ၌ စုဝေးနေကြပြန်သည်။

ချန်ချမ်က ဂျုံမုန့်ကို တစ်ကိုက်စားပြီး‌သောအခါ ချန်ရုံ့အား မျက်မှောင်ကျုံ့၍ကြည့်ကာ ပြောလိုက်သည်။

"နင့်မှာ အစားအသောက်နဲ့ ပိုင်ဆိုင်မှုတွေ အလျှံအပယ်ရှိတယ်မဟုတ်ဘူးလား...ဘာဖြစ်လို့ သကြားလေးနည်းနည်းကို တွ့န်တိုနေရတာလဲ...မုန့်က ဘာအရသာမှလည်း မရှိဘူး..."

ချန်ရုံကပြုံးလိုက်၍ တမင်သက်သက်လား ရိုးရိုးတန်းတန်းလား မသိနိုင်သောအကြည့်ဖြင့် အထိန်းတော်ဖျင်အား လှမ်းကြည့်လိုက်သည်။

အထိန်းတော်ဖျင်ကလည်း ချန်ရုံလုပ်ပြသည့် အဓိပ္ပာယ်ကိုနားလည်လိုက်သည်။ ထို့ကြောင့် အနား၌ရပ်၍ တစ်ချက်ရယ်‌ကာပြောလိုက်သည်။

မေကုန်းချင်Where stories live. Discover now