မေကုန်းချင်

472 32 0
                                    

Chapter 94

ချန်အိမ်တော်သို့ ပြန်ရောက်ခြင်း

လူအုပ်ကြီးနှင့် ပတ်ဝန်းကျင်တစ်ခုလုံးသည် ဆူညံပွက်လောရိုက်နေကြသည်။ ထိုအချိန်၌ ချန်ရုံက ဘယ်ညာကြည့်လိုက်ရာ မည်သူကမှ ချန်ရုံရှိသည့်ဘက်ကို အာရုံစိုက်မနေသည်ကိုတွေ့သောအခါ ရထားလုံးပေါ်မှခုန်ချ၍ လူအုပ်ကြားထဲသို့ ရောဝင်လိုက်သည်။ ချန်ရုံသည် ပေါ့ပါးသွက်လက်စွာဖြင့် လူကြားထဲ၌ တိုးဝင်ဖြတ်သန်းကာ ချန်အိမ်တော်ရှိသည့်ဘက်သို့ ပြေးသွားတော့သည်။

လူတိုင်းသည် ဝမ်ဟုန်ရှိရာဘက်သို့ သွားနေကြချိန်တွင် ချန်ရုံက ဆန့်ကျင်ဘက်သို့သွားနေလေသည်။ ထိုလမ်းက သွားရလွယ်ကူသောကြောင့် ခဏလေးနှင့်ပင် တောင်ဘက်ပိုင်းလမ်းသို့ရောက်သွားတော့သည်။ ထိုနေရာတွင်တော့ ပတ်ဝန်းကျင်က ငြိမ်သက်အေးဆေးနေလေသည်။ သေတွင်းမှ လက်မတင်လေးလွတ်လာခဲ့သောချန်ရုံသည် ဤ ရင်းနှီးသောလမ်းလေးကို လှည့်ပတ်ကြည့်ရှုနေမိသည်။ အရာရာသည် ချန်ရုံ့အတွက် ရင်းနှီးကျွမ်းဝင်မှုရှိနေကာ လှပနေလေသည်။

ချန်ရုံပိုင်ဆိုင်သည့် ပိတ်ထားသောဆိုင်ခန်းအချို့ကိုဖြတ်ကျော်ပြီးသောအခါ တံခါးများကို ကျယ်ဝန်းစွာဖွင့်ဟထား‌သော ဆိုင်ခန်းတစ်ခုကို ချန်ရုံတွေ့လိုက်ရသည်။ ထိုဆိုင်သည် မျက်နှာခြယ်နှင့် ပေါင်ဒါများရောင်းချသည့်ဆိုင်ဖြစ်သည်။ ဆိုင်တစ်ခုလုံး၌ ပန်းရောင်ခန်းစီးလိုက်ကာများတပ်ဆင်ထားကာ အသစ်စက်စက်ဆေးသုတ်ထားသောတောက်ပြောင်သည့် မဟော်ဂနီစားပွဲများလည်းရှိနေ၍ တစ်ဆိုင်လုံးသည် ဖုန်မှုန့်တစ်စက်တောင်မရှိအောင် သန့်ရှင်းပြောင်လက်နေပေသည်။

ချန်ရုံသည် ထိုဆိုင်ဆီသို့ အမြန်လျှောက်သွားလိုက်သည်။

ဆိုင်ကို‌စောင့်နေသူမှာ အသက် ၂၇ ၂၈ နှစ်အရွယ်ခန့်ရှိသော အရပ်ရှည်ရှည်နှင့် ပိန်ပါးသောအစေခံတစ်ဦးဖြစ်သည်။ ဆိုင်တံခါးဝသို့ ချန်ရုံရောက်လာသည်ကိုမြင်သောအခါ အစေခံသည် ယဉ်ကျေးသောအပြုံးဖြင့် အလျင်အမြန်ကြိုဆိုလိုက်သည်။

"သခင်ကြီး..."

ထိုအချိန်မှာပင် ချန်ရုံက မျက်နှာဖုံးဇာပါသော ဦးထုပ်ကိုချွတ်၍ သူမ၏ မျက်နှာကို ပြလိုက်သည်။

မေကုန်းချင်Where stories live. Discover now