မေကုန်းချင်

953 85 0
                                    

Chapter 18

မြစ်တစ်ဖက်ကမ်းမှ ထောင်ချောက်

နောက်တစ်နေ့၌ လောယန်မြို့သို့သွားရန် မြစ်ဝါမြစ်တစ်ဖက်ကမ်းသို့ ကူးရမည်ဖြစ်သောကြောင့် လူတိုင်းသည် နာရီဝက်ခန့်သာ အနားယူ၍ စခန်းချသည့်နေရာသို့ ပြန်သွားကြသည်။

နောက်တစ်နေ့မနက် အရုဏ်တက်ချိန်၌ အဖွဲ့သည် ပြန်လည်ထွက်ခွာ၍ ဆယ်မိုင်ခန့်သွားပြီးသောအခါ မြစ်ဆီသို့ ရောက်သွားတော့သည်။ ‌မြစ်မှရေစီးသံများကြားနေရသည့်အချိန်မှာပဲ ကြိုးများဖြင့်ဆိုင်းထားသော သင်္ဘောများကို မြစ်ကမ်းဘေးတစ်လျှောက်တွေ့လိုက်ရသည်။

သင်္ဘောများမှာ အကြီး၊ အသေး၊ အဟောင်း၊ အသစ်များ စုံနေသည်။ အထက်တန်းလွှာသူဌေးများက သင်္ဘောများကို မြင်သောအခါ သူတို့၏ အတန်းအစားနှင့် ဤကဲ့သို့ သေးငယ်၍ အိုဟောင်းကာ လက်ရာကြမ်း၍ ညစ်ပေနေသော သင်္ဘောများနှင့် မကိုက်ညီဟုဆိုကာ ညည်းညူအပြစ်တင်နေကြတော့သည်။

"ဒါ ကျွန်တော်မျိုးတို့မှာရှိတဲ့ သင်္ဘောအကုန်ပါပဲ..."

လူသိများသော ပညာရှိတစ်ဦးက အော်ပြောလိုက်သည်။

"သခင်တို့ သခင်မတို့ နောက်မှ ကူးမယ့် လူတွေဆိုရင် သင်္ဘောတွေမရှိတော့လို့ ယာယီသ‌င်္ဘောတွေဆောက်ပြီးမှ ကူးလို့ရမှာပါ..."

လူငယ် နောက်တစ်ယောက်ကလည်း အော်လိုက်သည်။

"ထပ်ပြီး မညည်းညူကြပါနဲ့တော့...ကံကောင်းလို့သာ ကျွန်တော်တို့ စောစောထွက်ခွင့်ရကြတာပါ...ကျွန်တော်တို့သာ နောက်ကျခဲ့မယ်ဆိုရင် စီးစရာသင်္ဘောတောင် ရှိမှာမဟုတ်ပါဘူး..."

ထိုအော်သံနှစ်ခုကြောင့် ညည်းညူနေသံများ တဖြည်းဖြည်း ရပ်သွားကြသည်။

ထို့နောက် အစောင့်များသည် လူအုပ်ကို စီတန်းစေ၍ သင်္ဘောများပေါ်သို့ တက်ရန် အသင့်ပြင်နေကြတော့သည်။ သင်္ဘောအကြီးများ၌ အထက်တန်းလွှာများနှင့် ရထားလုံးများကို သယ်၍ အစောင့်များနှင့် အစေခံများက အသေးများ၌ စီးနင်းကြရမည်ဖြစ်သည်။

သို့သော် သင်္ဘောအကြီးများက များများစားစားမရှိသောကြောင့် နေရာများ ချပြီးသောအခါ အထက်တန်းလွှာများမှ လူအများစုသည် သင်္ဘောအသေးများ၌ နေရာရကုန်ကြသည်။

မေကုန်းချင်حيث تعيش القصص. اكتشف الآن