Part 14(Unicode)

899 104 2
                                    

"ကိုကို...ဖြေနိုင်လား..."

"အကုန်ဖြေခဲ့ရင်တော့ ကျိန်းသေ
ဂုဏ်ထူးထွက်တယ်..."

ကိုကို့စကားကို ရှိုင်းငယ်နားမလည်ပါ။ အကုန်ဖြေခဲ့ရင် ဂုဏ်ထူးထွက်တယ်ဆိုတော့ အခုက အကုန် မဖြေခဲ့တဲ့ သဘောလား။ 

စိတ်ထဲတွင်သာ မေးနေမိသော်လည်း တကယ်တမ်းကျတော့ ကိုကို့မျက်နှာကို အူတူတူပုံစံနှင့် ကြည့်နေခဲ့မိသည်ထင်သည်။
မပီပြင်သောအပြုံးပန်းကို အရွဲ့တိုက်လိုသော အာမေဋိတ် အသံနှင့်ယှဉ်တွဲကာ ဖော်ပြခဲ့ပြီးနောက် တစ်ဖက်သို့ လှည့်သွားသည်ကို တွေ့မြင်လိုက်ရသည်။ ပြဿနာတစ်ခု ဖြစ်လာစေဖို့ အစပျိုးနေပြီလားဟုပင် ရှိုင်းငယ်စိတ်ထဲမှ တွေးမိလေသည်။
.
.
.
ကြက်သွေးနီရောင်စံအိမ်ကြီးရှေ့တွင် ကားခဏရပ်စဉ် ရွေရောင်ဘုတ်ပြားပေါ်တွင် ထွင်းထုထားသည့် ငွေ့ရည်မိုးဟူသော စကားလုံးများကို အနီးကပ် ငေးကြည့်ခွင့်ရမြဲဖြစ်သည်။

ဒီနာမည်ကိုမြင်တိုင်း မေမေ့၏ ပုံရိပ်လွှာကိုသာ သတိရနေခဲ့သော ရှိုင်းငယ်သည် နွေရီရီနွယ်၏စကားများကို ကြားပြီးချိန်မှစ၍ နာကျင်မှုများနှင့် ပြည့်နှက်နေသော ကလေးငယ်တစ်ယောက်ကိုပါ မြင်ယောင်လာခဲ့ရသည်။

ကလေးတစ်ယောက်အတွက် နွေးထွေးမှုပေးနိုင်သော အမည်မှာ အခြားကလေးတစ်ယောက်အတွက်တော့ နာကျင်မှုများကိုသာ ဖြစ်စေခဲ့သတဲ့....။

ကိုကို ကျွန်တော့ကို မုန်းမယ်ဆိုလည်း မုန်းသင့်ပါတယ်လေ...။

ဝေဝါးလာသော မျက်လုံးများနှင့်အတူ ကိုကို့ကိုကြည့်မိတော့ ပြတင်းပေါက်ဘက်သို့ တစ်ချိန်လုံးငေးနေသည်နှင့်သာ ကြုံရသည်။ တောင်းပန်ချင်ပါသော်လည်း ဘာအမှားမှ မလုပ်ထားသူ တစ်ယောက်အဖို့ ထိုစကားများမှာ လွယ်လွယ်နှင့်ထွက်မလာ။

ထွက်လာခဲ့ရင်ရော ဘာများပြောရပါ့မလဲ...။

မေမေ့နာမည်ကြောင့် ပြဿနာတွေဖြစ်ခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်ဟု ပြောရမလား...။

ဒါမှမဟုတ်....

ဒီအိမ်ကိုရောက်လာရတဲ့အတွက် တောင်းပန်ပါတယ် ဟုပြောရမလား...။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now