Part 22(Unicode)

729 85 2
                                    

မှိုင်းခေါင်ဝေဦး စာမေးပွဲကျသည် ဆိုသောသတင်းမှာ
Green Leafရှိ ကျောင်းသားများထံသို့ တစ်မနက်တည်းနှင့် ပျံနှံ့သွားပြီဖြစ်သည်။ အလင်းဝေကတော့ ထိုသတင်းကို ကျောင်းရောက်လာမှ သိခဲ့ခြင်းဖြစ်သည်။ တချို့သူများမှာ ညကတည်းက အစ်ကို၊အစ်မတွေနဲ့အတူ အောင်စာရင်းလာကြည့်ရင်း သိပြီးကြပြီဟု ပြောသည်။

အလင်းဝေသည် ကိုယ့်နားကိုယ်ပင် မယုံနိုင်၍ ကျောင်းမတက်ခင် အောင်စာရင်းကပ်ထားသော နေရာသို့ အပြေးအလွှား သွားကြည့်လိုက်သေးသည်။ နွေရီရီနွယ်က ဆယ်တန်းကို ဘာသာစုံဂုဏ်ထူးနှင့် ထူးချွန်စွာ အောင်မြင်သည်။ တခြားသူများသည်လည်း ဂုဏ်ထူးအသီးသီးနှင့်။ Green Leaf၏ အောင်မြင်သူစာရင်းတွင် နာမည်မပါသူမှာ မှိုင်းခေါင်ဝေဦး တစ်ယောက်တည်းသာ ရှိလေသည်။

* မှိုင်းခေါင်ဝေဦးက ဘာလို့ စာမေးပွဲကျရတာလဲ...။*

*သူ့နောက်မှာ အမြဲရှိနေခဲ့တဲ့ လူတွေအကုန်လုံး အောင်သွားသေးတာလေ...။*

*မဖြေနိုင်ခဲ့လို့ဆိုရင်တောင် ဂုဏ်ထူးမပါတာလောက်ပဲရှိမှာပေါ့...။*

*အခုဟာက ကျတဲ့အထိဆိုတော့....။*

သို့လော၊သို့လော စကားတွေချည်းသာ ပတ်ဝန်းကျင်၌ ဖောင်းပွနေလျှက်။ တော်တဲ့သူတစ်ယောက်က ဒီလိုအခြေအနေမျိုး ဖြစ်သွားရလားဆိုကာ ဆရာမတွေလည်း ခေါင်းခဲနေကြသည်။

ကာယကံရှင်ရဲ့အိမ်တွင်းမှာရော အခြေအနေက ဘယ်လိုရှိမလဲ။

အလင်းဝေတစ်ယောက် ရုံးခန်းရောက်တုန်းက တွေ့ခဲ့ရသော ဦးမင်းခေါင်ဦး၏မျက်နှာကို ပြန်မြင်ယောင်ကြည့်မိသည့် အခါတွင် ခက်ထန်သော ပုံရိပ်တစ်ခု ပေါ်လာသည်။

စာမေးပွဲကျတာက သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုဆိုပေမယ့်
Green Leafလိုနေရာမျိုးမှာ ကျောင်းပိုင်ရှင်ရဲ့ သားကိုယ်တိုင်က မအောင်မြင်သူဖြစ်သွားတော့.....။ အတွေးနဲ့တင် အလင်းဝေကိုယ်တိုင်ပါ စိတ်ညစ်လာမိသလိုလို...။

*ဒါဆိုရင် ငွေရှိုင်းကရော.....။*

ငွေရှိုင်းမှာ ခါတိုင်းဆိုလျှင် ကျောင်းသို့ စောစောလာနေကျဖြစ်သော်လည်း ကျောင်းတက်ခါနီးအထိ အရိပ်အယောင် မတွေ့ရသောကြောင့် ပေါ်မလာသေးသူအား တမျှော်မျှော်ဖြစ်နေသော အလင်းဝေသည် ချာလီ၊ဂေါ်လီတို့ ညီအစ်ကိုနှစ်ယောက်ကြောင့် ဒေါသထွက်ရပြန်သည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now