Part 18(Unicode)

769 91 5
                                    

ကိုကိုနှင့်ဖေဖေ့ကြားတွင် ရှိနေသော သံယောဇဉ်ကြိုးမျှင်လေးသည် အကြိမ်ကြိမ်အခါခါ ပြတ်တောက်ပြီးသောအခါ၌ ကြိုးထုံးရာပရပွနှင့် အဖုအထစ်များစွာဖြစ်လို့နေသည်။ ဖေဖေ့ဘက်ကလည်း ကိုကို့ကို မျက်နှာသာမပေးတော့သလို ကိုကိုသည်လည်း ဖေဖေနှင့် ပြေလည်ဖို့မကြိုးစားဘဲ ပို၍အရွဲ့တိုက်လာခဲ့သည်။

ဖေဖေ့ကိုဒေါသထွက်စေသော အရွဲ့တိုက်နည်းတစ်မျိုးမှာ မိသားစုသုံးယောက် မျက်နှာချင်းဆိုင် ဆုံရသော ထမင်းဝိုင်းကို ကို့ကို့ဘက်က ပျက်ကွက်လာခြင်းဖြစ်သည်။ ကိုကို့ရဲ့ညစာ စားချိန်သည် အချိန်မှန်မဟုတ်တော့ဘဲ ဖေဖေအိမ်ပြန် မရောက်သေးချိန် နှင့် ဖေဖေအခန်းထဲမှာ ရှိနေသော အချိန်များကိုရွေးပြီး အလျဉ်းသင့်သလို စားနေခြင်းဖြစ်သည်။

ဖေဖေသည် ကျောင်းသို့လိုက်လာရသောနေ့မှစ၍ ကိုကို့အား အော်ငေါက်ခြင်း၊ အခန်းထဲထည့်ပိတ်ထားခြင်းတို့ မပြုလုပ်တော့ပေ။ ထိုပြစ်ဒဏ်များအစား ကိုကို့အပေါ်တွင် လျစ်လျူရှုလိုက်ခြင်းဖြင့် စိတ်ကိုနာကျင်စေသည်။

သူတစ်ယောက်တည်း ထမင်းစားရချိန်များတွင် ကိုကို့စိတ်က အဝေးရောက်နေသကဲ့သို့ပင်။ အစားအသောက်ကို တမြုံ့မြုံ့ ဝါးနေသော်လည်း မျက်လုံးများကတော့ ဗလာဖြစ်နေသည်။ ငွေရှိုင်းမှာ ကိုကို့ကို အဖော်ပြုပေးချင်ပေမယ့် ဖေဖေ့ကိုလည်း တစ်ယောက်တည်း ထမင်းစားခိုင်း၍မဖြစ်ပြန်။ သူတို့နှစ်ယောက်ကြားတွင် ညှပ်ပါနေရသော အဖြစ်သည် ငွေရှိုင်း၏ နေ့ရက်များကိုလည်း ခက်ခဲစေပါသည်။

ပျော်ရွှင်မှုကို အိမ်၌ ရှာဖွေမရသည့်အပြင် ကျောင်းတွင်လည်း အလင်းဝေကြောင့် မပျော်မရွှင်ဖြစ်ရပြန်သည်။ အလင်းဝေသည် အမြွှာ ညီအစ်ကိုနှစ်ယောက်နှင့် နေ့တိုင်းနီးပါး ရန်ဖြစ်နေဆဲဖြစ်သော်လည်း ကျွန်တော်ကိုတော့ အရင်ကဲ့သို့ လှိုက်လှိုက်လှဲလှဲ ဆက်ဆံခြင်းမျိုး မရှိတော့ပေ။

ကျွန်တော့စကားက သူ့ရဲ့မာနကို ထိခိုက်သွား၍လား။ မျက်မှောင်ကြုတ်ပြီးစိုက်ကြည့်ခဲ့ရုံမျှမက သူပြောသမျှကို ဘုကလန့်ချည်း ပြန်ပြောခဲ့လျှင်တောင် အပြုံးမပျက်ဘဲ တွယ်ကပ်နေမြဲဖြစ်သော အလင်းဝေသည် အဲ့ဒီနေ့ညနေကတည်းက ကျွန်တော့ကို သိသိသာသာ ရှောင်နေခဲ့ခြင်းဖြစ်သည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now