Part 23(Unicode)

700 87 10
                                    

ဆယ်တန်းကျောင်းသားဖြစ်လာသော အလင်းဝေတစ်ယောက် ကျောင်းမှပြန်ရောက်သော်လည်း ချက်ချင်းမနားရသေးဘဲ ရေမိုးချိုး ၊အဝတ်အစား ကမန်းကတန်းလဲကာ ကျူရှင်သွားရန်ပြင်ဆင်ရသည်။ အလင်းဝေရဲ့ ကျူရှင်မှာ ပိတ်ရက်များတွင် တစ်နေကုန်နီးပါး တက်ရပြီး ကျောင်းဖွင့်ရက်တွေမှာတော့ ညနေလေးနာရီမှ ညရှစ်နာရီအထိ တက်ရလေသည်။

ရှစ်နာရီတွင် ကျူရှင်လွှတ်သော်လည်း ရန်ကုန်မြို့၏ ကားကြပ်ပုံကြောင့် အလင်းဝေမှာ ညကိုးနာရီထိုးခါနီးမှ အိမ်ပြန်ရောက်မြဲဖြစ်သည်။ ပြန်ရောက်ပြီဆိုတာနဲ့ အိမ်အဝင်ဝကတည်းက"ကြီးစန်းရေ...ဗိုက်ဆာတယ်ဗျို့.." ဟူ၍ အော်ဟစ်ပြီး ထမင်းစားခန်းသို့ အရင်ဝင်သည်။ ကြီးကြီးစန်းမှာလည်း ကားသံကြားသည်နှင့် ထမင်းပန်းကန် အသင့်ပြင်ပြီးဖြစ်သည်။

ဒီနေ့တွင်လည်း ထုံးစံအတိုင်း ကိုးနာရီထိုးခါနီးမှ ကျွန်တော် ကျူရှင်က ပြန်ရောက်သည်။ ခြံထဲတွင် ရပ်ထားသော ကားကို မြင်မြင်ချင်း အဖေပြန်ရောက်နေပြီပဲဟု စိတ်ထဲမှ ရေရွတ်မိသည်။ ခါတိုင်းဆို ထမင်းစားခန်းဆီသို့ အရင်သွားဖြစ်သော်လည်း စိတ်နောက်လာသောကြောင့် အခန်းထဲသို့သာ သွားလိုက်သည်။ ကျူရှင်ယူနီဖောင်းကို လဲပြီးမှ အောက်ထပ်ဆင်းလာခဲ့သည်။

အဖေ့ရှေ့တွင် ရှိနေသော ထမင်းပန်းကန်မှာ အရာမယွင်းသေးသောကြောင့် ကျွန်တော်ကို စောင့်နေကြောင်း သိလိုက်ရသည်။ ဒီလိုဆိုတော့လည်း ထမင်းစားခန်းထဲသို့ အရင်မဝင်ဖြစ်သည့်အတွက် အားတုံ့အားနာဖြစ်ရပြန်သည်။

ကျွန်တော် သည်လည်း ဆယ်တန်းရောက်ခါမှ အိမ်မှာနေရချိန် နည်းပါးနေသည်လေ။ အဖေဆိုသည်မှာလည်း အမြဲတမ်း ညဉ့်နက်မှ အိမ်ပြန်လာတတ်သူဖြစ်သောကြောင့် သားအဖနှစ်ယောက် အတူဆုံချိန်မှာ နည်းလွန်းလှသည်။ အဲ့တာကြောင့် တစ်အိမ်တည်းနေ သားအဖတွေအဖို့ ခပ်စိမ်းစိမ်းဖြစ်နေကြသည်မှာ မထူးဆန်းလှပေ။

အဖေနဲ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရင်း အကြည့်ချင်းဆုံသောကြောင့် ပြုံးပြဖြစ်ချိန်တွင် သားအဖချင်းဖြစ်သော်လည်း ရှိန်နေသော ခံစားချက်မျိုးနှင့် ပြန်ပြုံးပြခဲ့ရသည်။ ကျွန်တော်တစ်ယောက်တည်း  အဲ့လိုမျိုးဖြစ်နေတာမဟုတ်ဘဲ အဖေလည်း ထပ်တူ ခံစားရမည်ထင်သည်။ ထမင်းလက်ဆုံစားနေကြသော်လည်း စကားများများမပြောဖြစ်ကြပေ။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now