Part 34(Unicode)

710 83 23
                                    

နောက်တစ်ပတ်ပိတ်ရက်သို့ ရောက်လာပြီဖြစ်သည်။အလင်းဝေသည် မနက်အစောကြီးကတည်းက နိုးနေပြီး မီးဖိုချောင်ထဲတွင် ကြီးစန်းနှင့် ကူလုပ်ပေးနေသည်။ မနေ့ကတည်းက သူငယ်ချင်းခေါ်လာမယ်ဆိုပြီး ပြောလို့ ကြီးစန်းက သူတို့စားဖို့အတွက် ခေါက်ဆွဲကြော်နဲ့ ဝက်သားလုံးကြော်၊အစိမ်းကြော်တို့ ကြော်လှော်ပေးနေသည်။

ကြီးစန်းသည် အလင်းဝေရဲ့ တက်ကြွနေမှုကိုကြည့်ပြီး ကောင်မလေးတစ်ယောက် ခေါ်လာမည်ဟုပင် ထင်မိသေးသည်။ မီးဖိုချောင်ထဲဝင်လာလိုက်၊ အိမ်ရှေ့ထွက်လိုက်နှင့် ဂဏာမငြိမ် ဖြစ်နေသော အလင်းဝေသည် ငွေရှိုင်းပြောမည်ဆိုသော စကားအတွက်လည်း စိတ်လှုပ်ရှားမိလေသည်။

ဆယ်နာရီခွဲအတိတွင် အိမ်ရှေ့မှ ကားဟွန်းတီးသံကို ကြားလိုက်ရသောကြောင့် အလင်းဝေကလည်း ခြံရှေ့သို့ အမြန်ပြေးထွက်သွားလိုက်သည်။

ငွေရှိုင်းသည် ကားကို သူကိုယ်တိုင်မောင်းလာသည်။ သူ့ရဲ့ကားက နက်ပြာရောင်လေးဖြစ်ပြီး သူဝတ်လာတာကလည်း နက်ပြာရောင် တီရှပ်နှင့် ဂျင်း ဝမ်းဆက်ပင်ဖြစ်သည်။ အလင်းဝေသည် ကားထဲမှထွက်လာသူကို ဆက်ငေးချင်သေးသော်လည်း အရှိန်သတ်လိုက်ရသည်။

"ကားကို အိမ်ထဲသွင်းလိုက်ပါလား..."

ခြံရှေ့တွင်ပင်ရပ်ထားသောကြောင့် အလင်းဝေက ပြောလိုက်ခြင်းဖြစ်သည်။ ငွေရှိုင်းသည် ခေါင်းခါပြရင်း ကားတံခါး လော့ကျ၊မကျ ကြည့်ပြီးတော့မှ ခြံတံခါးအဝတွင် ရပ်နေသော အလင်းဝေဆီသို့ လျှောက်လာလိုက်သည်။ ထို့နောက် သူ့လက်ထဲမှ သစ်သီးဝလံတွေ ထည့်ထားသော အိတ်အား အလင်းဝေလက်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။

"မင်း ကြီးကြီး အတွက်လေ...."

"ကြီးကြီးအတွက်ဆိုတော့ ငါ့အတွက်ကရော..."

အလင်းဝေ၏ကလေးဆန်သောမေးခွန်းကို ငွေရှိုင်းက အပြုံးနှင့်တုံ့ပြန်လိုက်ပြီး "ဧည့်သည်ကို အိမ်ထဲမဝင် ခိုင်းတော့ဘူးလား..." ဟူ၍ ပြောဆိုလျှက် အလင်းဝေရဲ့ ရင်ဘတ်ကို လက်ညှိုးနှင့် ခပ်ဖွဖွတွန်းကာ နေရာဖယ်ခိုင်းလိုက်သည်။

အလင်းဝေသည် ငွေရှိုင်းတစ်ယောက် လက်ညှိုးနှင့်ထိုးသွားသော နေရာကို လက်ဖြင့်အုပ်ကိုင်ရင်း သူလည်း ပြုံးနေမိတော့သည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Tempat cerita menjadi hidup. Temukan sekarang