" ထမင်းစားနှင့်ကြနော် မား။ သားပြန်တာကိုစောင့်နေရင် နောက်ကျလိမ့်မယ်။ ""အင်းပါ။ မနက်စာတော့ စားနှင့်လိုက်မယ်။ နေ့လည်အမီပြန်လာကြပေါ့။ ချန်ဖုန်းပါအတူ နေ့လည်စာဝင်စားသွားဖို့လေ။ "
အခန်းထဲကထွက်ခါနီး မားက သူ့ကို သိပ်စိတ်မချသလိုကြည့်ရင်း နှုတ်ဆက်သည်။ ဆေးရုံဆင်းပြီး နောက်ရက်မှာပဲ ချန်ဖုန်းက တကယ့်သူငယ်ချင်းအရင်းတွေလို တိုက်ခန်းကိုဝင်ထွက်သွားလာမှုပြုခဲ့တာမို့ မားတို့နဲ့ပါ အခုဆိုအစပ်အပေါက်တည့်နေလေပြီ။ ဒါပေမဲ့ ဘယ်လောက်ပဲ ရင်းနှီးစွာပြုမူနေပါစေ မိသားစုဝင်မပါဘဲ ချန်ဖုန်းက သူ့ကိုအပြင်ခေါ်ထွက်တာတော့ မားတို့ပါးတို့က လက်ခံချင်ပုံမပေါ်ဘူး။
"စိတ်ချပါ။ ကျွန်တော်တို့ ရွှမ်လုဆီသွားရုံပါပဲ။ ရှောင်းကျန့်လည်း သူမကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ချင်တယ်လို့ပြောထားတယ်မလား။ ပြီးတော့ ရွမ်လုကလည်း သူမအကူအညီပြုပေးခဲ့တဲ့လူတစ်ယောက် အဆင်ပြေနေတာကိုမြင်ချင်မှာပဲလေ။ "
" ဟုတ်ပါပြီ။ ဂရုစိုက်သွားကြ။ "
ပါးက ချန်ဖုန်းရဲ့ ပခုံးကိုပုတ်ရင်း သူ့ကိုတော့ပြုံးပြကာ စိတ်အေးအေးသွားဖို့အချက်ပြလာတယ်။ မားရဲ့ပုံစံက စိတ်မချဖြစ်နေတာအသိအသာမို့ ချန်ဖုန်းအပေါ် ပါးကအားနာနေမိသည်လေ။
"ဒါဆို သားတို့သွားပြီနော်။ "
လက်ပြနှုတ်ဆက်ထားခဲ့ရင်း ချန်ဖုန်းနဲ့အတူ လိုက်ခဲ့ပြီးမှ ရှောင်းကျန့်အသက်ရှူ၀သလိုဖြစ်သွားသည်။ ဆပ်မကုန်တဲ့ကျေးဇူးရှင်ရဲ့သက်ဆိုင်သူမို့ တကယ်ဆို ချန်ဖုန်းကို သူတို့ဒီထက်မကတောင် ကောင်းမွန်စွာဆက်ဆံဖို့လိုသေးမှန်းသိတယ်။ သို့ပေမဲ့ကွဲလွဲစွာ ချန်ဖုန်းက သူ့အပေါ်လိုတာထက် ပိုရင်းနှီးဖို့ပြုနေတဲ့အခါ အားနာရှက်ရွံ့ခြင်းကဖြစ်လာရတယ်။ ထပ်ပြီး မားကပါ အခုလိုအပြင်ထွက်တာလေးကိုပင် စိတ်မချတဲ့မျက်လုံးတွေနဲ့ကြည့်တဲ့အခါ ပိုအားနာရသည်။ သူ့ဘက်က ချန်ဖုန်းအပေါ် ပိုပြီးကျေးဇူးကြွေးတွေမတင်ချင်သလို ဒီထက်ပိုပြီးလည်း ချန်ဖုန်းရဲ့စိတ်သဘောထားကြီးမှုကို လက်မခံချင်တော့ပါ။
YOU ARE READING
တယောကြိုးလေးထက်ရစ်ပတ်နှောင်ဖွဲ့သည်(Completed)
Fanfiction' ကျွန်တော်က ကောအတွက် ချိုသာတဲ့ချစ်ခြင်းသံစဉ်တွေသာ ထုတ်လွှတ်ပေးမဲ့ တယောကြိုးလေး '