Arc 8.5

2.3K 371 78
                                    

{Zawgyi}

နော်ခွန်းရွယ်၏ အိမ်တော်အနီးတစ်ဝိုက်တွင် စုရုံးစုရုံးဖြစ်နေကြသော လူအုပ်ကြီးသည် နော်ခွန်းရွယ်၏ မင်္ဂလာပွဲအကြိုအခမ်းအနားကို စိတ်ဝင်စားနေကြသည်။

ကာယကံရှင်သတို့သားနှစ်ယောက်မှာ စိတ်ကြည်လင်နေလင့်ကစား နော်ခွန်းရွယ်မှာမူ အမူအရာကိုထိန်းချုပ်ကာ မျက်နှာသေဖြင့် နေနေလေသည်။

တောထဲကပြန်ရောက်သည့်အချိန်မှ အနည်းငယ်ပြန်ပြေလည်သွားသော နှစ်ဦးသားဆက်ဆံရေးမှာ ရှေးယခင်များကလို မနွေးထွေးသည့်တိုင်အောင် အရမ်းကြီးလည်း အေးတိအေးစက်ဖြစ်မနေတော့ပါချေ။

ခက်လွန်းအသင်္ယာအား အကုန်အစင် မယုံကြည်သေးသော်လည်း မျက်စိမှိတ်ကာ အခွင့်အရေးတစ်ကြိမ်ထပ်ပေးရန် စဉ်းစားထားသော နော်ခွန်းရွယ်သည် သူ့ဆုံးဖြတ်ချက် မှားယွင်းသွားမည်ကိုတော့ အနည်းငယ်ပူပန်လျက်ရှိသည်။

ဒီတစ်ကြိမ်တော့ မင်းကို ကျုပ်မရက်စက်ချင်ဘူး အသင်္ယာရယ်...။

အရင်ကကျုပ်ကြုံခဲ့ရသမျှက မင်းအပေါ်အထင်လွဲမှားမှုဆိုတာ ယုံကြည်ချင်စမ်းပါရဲ့...။

မှားယွင်းနေတာတွေပြင်ဖို့ အခွင့်အရေးပေးလိုက်ပြီမို့ မင်းက ကျုပ်သိခဲ့တဲ့ ကျုပ်ရဲ့လွန်းငယ်ဆိုတာကို သက်သေပြစမ်းပါ့...အသင်္ယာ ။

ယခုမင်္ဂလာပွဲအကြိုအခမ်းအနားတွင် သူနှင့်ယှဉ်ရပ်နေသူမှာ ညီငယ်တစ်ယောက်ကို ချစ်ခင်ခဲ့ရပါသော အသင်္ယာဖြစ်နေသည့်အတွက် နော်ခွန်းရွယ် အနည်းငယ်တော့ နေမထိထိုင်မသာဖြစ်နေရသည်။

ထိုသို့သော အားနာစိတ်ဖြစ်ပေါ်နေသည့် နော်ခွန်းရွယ်၏အတွေးတို့အား ရိုက်ချိုးလိုက်သူမှာ ဘေးမှခက်လွန်းအသင်္ယာပင်..။

တစ်ဖက်စွန်းထဲမြင့်တက်နေသော နှုတ်ခမ်းပါးနှင့် ပြုံးမယောင် မျက်နှာထားက နော်ခွန်းရွယ်ဖက်သို့သာ မျက်နှာမူကာ တခြားအရာတွေကို အကုန်အစင်လျစ်လျူရှုထားလေသည်။

မင်္ဂလာပွဲအကြိုဆိုသည့်အတိုင်း စလေ့ကျင့်ထဲကပင် အဆုံးထိ နော်ခွန်းရွယ်အား အကြည့်တစ်ချက်တောင်မလွှဲသော ခက်လွန်းအသင်္ယာသည် အတော်ကိုပျော်မြူးနေဟန်ပေါ်သည်။

Rebounding System(OC)Where stories live. Discover now