" ကျွန်တော်က လိုသလို အသုံးချလို့ရတဲ့ အရုပ်လား "
မိမိရှေ့တွင် မိန့်မိန့်ကြီး ထိုင်နေသော လူအား စူးရဲစွာ စိုက်ကြည့်ပြီး ပြောတော့ ထိုလူက ခေါင်းကို ရမ်းကာ
" မင်းအတွက် အခွင့်အရေးကောင်း ဖြစ်လာမှာပါ "
ကိုယ့်အတွက်သာကိုယ်ကြည့်ပြီး တစ်ကိုယ်ကောင်းဆန်ဆန် လုပ်ထားတဲ့ လုပ်ရပ်ဆိုတာ လူတကာ သိနေသော်ငြားလည်း မျက်နှာပြောင်ကာ မင်းအတွက်လို့ ပြောရဲတဲ့ ထိုသူကို ဝန်း စိတ်ပျက်မိသည်။
ဘာလို့များ ဒီလိုနေရာမျိုးကို သူလာခဲ့မိပါလိမ့်။" အနည်းဆုံးတော့ ကျွန်တော့်ကို တိုင်ပင်သင့်တယ်လေ "
ဝန်း ကို ဘာမှပြောဆိုတိုင်ပင်ခြင်းမှ မရှိဘဲ ဇာတ်လမ်းတွဲတစ်ခု နဲ့ စာချုပ်ချုပ်ပြီးကာမှ ဝန်း ကို အသိပေးခြင်းဖြစ်သည်။ သူထင်တာက ဝန်း ကို သူကြိုက်သလို ထိန်းချုပ်လို့ရတယ်လို့ ထင်နေပုံ။ ဝန်း ကြောင့် သူရပ်တည်နိုင်နေတာဆိုတာ မေ့နေတဲ့ပုံပဲ။
" သူတို့ပေးတဲ့ အနုပညာကြေးက "
" ကျစ် "
ဝန်း စက်စုပ်စွာဖြင့် အေဂျင်စီ သူဋ္ဌေးကို ကြည့်လိုက်သည်။ ချီးစားလို့သာ ပိုက်ဆံရမယ်ဆို ချီးတွင်းထဲကနေ တက်လာမှာကို မဟုတ်တော့ဘူး။
" ကောင်းပြီလေ ဒီဇာတ်လမ်းတွဲက ကုမ္ပဏီ နဲ့ ကျွန်တော်နဲ့ ကြားက နောက်ဆုံး တွဲလုပ်တဲ့ အလုပ်ဖြစ်လိမ့်မယ် ထင်တယ် ခွင့်ပြုပါဦး "
ပျက်ယွင်းသွားတဲ့ ထိုသူမျက်နှာကို ဝန်း ခနဲ့သလို ကြည့်လိုက်ပြီး ကျောခိုင်းထွက်လာခဲ့သည်။
ခရီးက ပြန်ရောက်ရောက်ခြင်း ကုမ္ပဏီ ကို အရင်ဝင်လိုက်တာ တကယ် အကုသိုလ်နဲ့ တိုးတော့တာပဲ။ အစ်ကို့ဆီကို အရင် သွားလိုက်ရင် ပျော်ပျော်ကြီး လွမ်းနိုင်ဦးမယ် အခုတော့...ဟူး....။
အစ်ကို့ဆီရောက်တော့ အစ်ကိုက ဆိုင်ပိတ်ရန် ပြင်နေသည်။ ည 8 နာရီမလို့ ဝယ်သူတစ်ယောက်မှ မရှိတော့တာကြောင့် ဝန်း အစ်ကို့ဆိုင်လေးထဲ ဝင်သွားလိုက်သည်။
" ပင်ပန်းလာရင် အိမ်ပြန်နားတာမဟုတ်ဘူး "
ဆိုင်ထဲ ဝင်ဝင်ချင်း အစ်ကို ပြောလိုက်တဲ့စကား။ ကိုယ့်မှာတော့ ဘယ်လောက်တောင် လွမ်းနေလိုက်ရသလဲ။ အစ်ကိုကတော့ တစ်ပတ်လောက် ဝေးနေတဲ့ ချစ်သူကို တွေ့တာတောင် အေးအေးဆေးဆေးသာ တုံ့ပြန်ပြီး လုပ်စရာ ရှိတာ ဆက်လုပ်နေသည်။