" ဝေး ! ! ! ! ! "
တစ်ကိုယ်လုံး ချွေးများစိုရွှဲကာ ခိုက်ခိုက်တုန်နေသည်။ မောဟိုက်စွာ ရှူသွင်း ၊ ရှူထုတ်နေသော အသက်ရှူသံများက ခပ်ပြင်းပြင်းနှင့် ကျယ်လောင်စွာ။
" ဝေး... ဝေး..."
အမည်နာမတစ်ခုကို တဖွဖွရွတ်ဆိုနေရင်း ဦးတည်ရာမဲ့ ပြေးထွက်ခဲ့သူဟာ အသိစိတ်မဲ့စွာ။
" ဒုန်း ဒုန်း ဒုန်း "
ပိတ်ဆို့ထားသော တံခါးများကို တွန်းဖွင့်ရင်း ပြေးသည်။ပါးစပ်မှလည်း " ဝေး " ဟူသော အမည်နာမလေးကို တကြော်ကြော်ရွတ်ရင်း ။
" အစ်ကို "
မျက်စိရှေ့မှာ ပေါ်လာသော ဝန်းငယ်။ ဝန်း ကို မြင်ရတာ ခါးသီးလွန်းသည်။
ဒီအချိန်မှာ သူ ဝန်းကို မတွေ့ချင်။" ဝေး ရော ဝေး ဘယ်မှာလဲ "
ဝန်း အား စူးရဲစွာ ကြည့်နေသော အစ်ကို့ရဲ့အကြည့်တွေသည် စိမ်းကားလွန်းသည်။ ဝန်း မသိသော အမည်နာမတစ်ခုကို တကြော်ကြော်ရွတ်ရင်း အော်ဟစ်ကာနေသည်။ဒေါသကို အပြင်ထုတ်ထွက်တာ ရှားသည့်အစ်ကိုက ရှူးရှူးဒိုင်းဒိုင်းဖြင့် ဝန်းအား ရန်သူတစ်ယောက်လိုကြည့်ကာ ဒေါသထွက်နေဟန်။
" ဘယ် က ဝေး လဲ အစ်ကို "
ရန်းအား ထူးဆန်းဟန်ကြည့်ကာ ဝန်းရဲ့မျက်မှောင်များသည်လည်း တွန့်ချိုးကာနေသည်။ ဝန်းအမေးတွင် ရန်း ခေတ္တ ငြိမ်ကျသွားသည်။ တခဏပါပဲ။
ထို့နောက် မျက်ရည်များဖွဲ့သီနေသော မျက်ဝန်းများဖြင့် ဝန်းကို ကြည့်ကာ တစ်စုံတစ်ဦးကို တမ်းတပြန်သည်။" ဝေး လေ ဝေး ဘယ်မှာလဲလို့ ငါ ဝေးကို တွေ့ချင်တယ် "
တစ်ခါမှမကြားဖူးသော၊မသိဖူးသော သူစိမ်းတစ်ယောက်ရဲ့နာမည်ကိုထပ်ခါထပ်ခါ တမ်းတနေတဲ့ အစ်ကို့ကြောင့် ဝန်း စိတ်တွေ တင်းလာသည်။ဝေး ဆိုသည်မှာ ဘယ်သူလဲ၊ဘယ်ကလဲ၊အစ်ကိုနဲ့ ဘယ်လိုသိကြတာလဲ။
" မင်းကရော ဘာလို့ဒီမှာရှိနေတာလဲ သစ်ခက်လွှားနဲ့ မင်္ဂလာဆောင်ရမှာမဟုတ်လား "
" ကျစ် ဘယ်လို အဓိပ္ပါယ်မရှိတဲ့ စကားလဲ " ဒေါသငွေ့တွေကို မနည်းအရှိန်သတ်ရသည်။ အစ်ကို့မျက်လုံးတွေက ဝန်းကို ပျက်ရယ်ပြုနေတာလား။ မနေ့က ကိစ္စကြောင့် အရမ်းစိတ်ဆိုးပြီး ဒီလို မဟုတ်တာတွေပြောထွက် နေသလား။