" အဲ့ဒါက ပြန်ယူဦးမလို့လား "
သူ့မုန့်တွေထဲ့လာတဲ့ ဆာလာအိတ်ကို သေချာခေါက်သိမ်းနေတဲ့ လွှားပေါက် ကို ဝန်း နားမလည်တော့။ ဘယ်လောက်တန်ဖိုးရှိနေလို့ တယုတယတွေ သိမ်းဆည်းနေသည်မသိ။
" ဒါ မုန့်ဆိုင်က အန်တီကြီး ဥစ္စာလေ ပြန်ပေးရမှာ လွှားက ခနပဲ ယူလာတာ "
သပ်သပ်ရပ်ရပ်ခေါက်ထားတဲ့ ဆာလာအိတ်ကို သူ့အဝတ်အိတ်ထဲ ထဲ့နေရင်း ပြန်ဖြေလာသည်။ တန်ဖိုးမကြီးတဲ့ ဆာလာအိတ်တစ်လုံးကိုတောင် အလကားယူချင်တဲ့ ကောင်လေးမဟုတ်ပါလား ။ ကိုယ့်ပစ္စည်း မဟုတ်ဘူးဆိုတိုင်း ဖြစ်သလို ကိုင်တွယ်တာမျိုးလည်း မရှိ ။ ကိုယ့်ထက်ငယ် ပေမယ့်လွှား ဆီကနေ သင်ယူစရာတွေက အများကြီး။
" အဲ့အိတ်လောက်ကတော့ ပြန်မပေးလည်း ရပါတယ် "
" မရပါဘူး သူများပစ္စည်းဆို အပ်တိုတစ်ချောင်းက အစ မယူထားရဘူးတဲ့ ပြန်ပေးရမယ်တဲ့ စည်းကမ်းရှိရှိလည်း သုံးရမယ်တဲ့ ... ဖေဖေပြောတာ "
ဝန်း က ပေါ့ပေါ့ပါးပါးပြောလိုက်ပေ
မယ့် လွှားကတော့ အလေးအနက်တုံ့ပြန်သည်။ လွှားဖေဖေဆိုသူသည် သားသမီးကို ဘယ်လောက်ထိ ဆုံးမသင်ကြားပေးခဲ့သလဲ မသိ။ လွှားပါးစပ်ဟလိုက်သည်နှင့် ဖေဖေကပြောထားတယ် ဆိုတာကို ကြားရစမြဲ။ဝန်း ရဲ့ သွေးသားအရ သာ တော်စပ်ပြီး လူမှုရေးအရ ဆက်စပ်မှုမရှိတော့တဲ့ မိဘတွေကတော့ တစ်နှစ်နေလို့မှ စကားတစ်ခွန်းပင် ကောင်းကောင်းမပြောဖူး ။ ဆုံးမဲ့ပဲ့ပြင်မှုဆိုတာ ဘာမှန်းမသိခဲ့။ သူတို့ လိုချင်တာကိုပဲ အတ္တကြီးစွာ စေခိုင်းတယ် မလုပ်နိုင်ရင် အပြစ်ပေးတယ် ။ မေတ္တာတွေ ၊ နွေးထွေးမှုတွေ ၊ နားလည်ပေးမှုဆိုတာ ဘယ်လိုအရသာလည်း မသိခဲ့ဘူး ။ အစ်ကိုနဲ့တွေ့မှသာ ။
" လွှား က ဖေဖေ့boy လေးပဲ "
တကယ်ကို အားကျမှုအပြည့်နဲ့ ပြောမိတော့ ထုံးစံမပျက် ဟီးခနဲ ပြုံးပြသည်။ ဝန်း လည်း လွှား နဲ့ တွေ့ပါများတော့ တစ်ခါတလေကျရင် ဖေဖေက ပြောထားတယ် ဆိုတဲ့ စကားလေး သုံးကြည့်ချင်မိတယ်။ ထားပါလေ အခုလည်း အစ်ကိုက ပြောထားတယ် လို့ သုံးလို့ရနေတာပဲ အဟင်း။